ဝက်လက်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးသူ များပြား
ရန်ကုန်၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်မှ ၇ နာရီ ၃၀ မိနစ်ထိ ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပန်ချောင်း တောင်ဘက်ကို ချီတက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းများကို တိုက်ပွဲဖြစ်ပွားသော နေရာ၌ပင် မီးရှို့ဖျောက်ဖျက်သွားကြောင်း သိရှိရသည်။
” ထိတွေ့တိုက်ပွဲမှာ စစ်ခွေး အကောင် ၂၀ သေတယ်။ ပြည်သူတွေ အနေနဲ့ လှူဒါန်းပေးပါအုန်းလို့ မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်းတို့နှင့် နယ်မြေခံ တပ်ရင်းများက ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။