37 C
Yangon

မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန်၊ မပို့လျှင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင်မည်ဟု စစ်ကောင်စီက အမိန့်ထုတ်

Must read

မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန်၊ မပို့လျှင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင်မည်ဟု စစ်ကောင်စီက အမိန့်ထုတ်

■ စစ်ကောင်စီ၏ ညွှန်ကြားချက်ကို ပြည်ပရောက် မြန်မာအလုပ်သမားအားလုံး မလိုက်နာကြရန် NUG က ကြေညာ၊ ဖိအားပေးသူများကို အရေးယူမည်

ရန်ကုန်၊ စက်တင်ဘာ ၉

ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး စစ်ကောင်စီလက်အောက်ခံ ဘဏ်များမှတစ်ဆင့် တစ်လ လစာ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်မပို့လျှင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင် မည်ဖြစ်ပြီး ပြည်ပတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပေးတော့သည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ပြည်ပသို့ မြန်မာလူငယ်များ သန်းချီ၍ အလုပ်လုပ် ရန် ထွက်ခွာနေကြပြီး အလုပ်သမားများ၏ လစာကို ပြည်တွင်းသို့ မဖြစ်မနေ ပြန်လည် ပို့ဆောင်စီးဝင်စေရေး လုပ်ဆောင်ရန် ခိုင်းစေခဲ့ရာမှ ယခုနောက်ဆုံးတွင်း ယင်းကဲ့သို့ တစ်လလျှင် လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန် ကန့်သတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင် စီများ၊ ပြည်ပရှိ သံရုံးများထံသို့ မြန်မာအလုပ် သမား များ၏ လုပ်ခ လစာကို ပြည်ပမှ တရားဝင် ငွေလွှဲပေးပို့ရန် ညွှန်ကြားစာကို ပေးပို့နေပြီး ယင်းညွှန်ကြားစာတွင် တစ်လလျှင် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) အများဆုံး ၃ လလျှင် ၁ ကြိမ် ၃ လစာ စုစုပေါင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားစာသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အသက်ဝင်မည်ဖြစ်‌ပြီး စစ်ကောင်စီ၏ စည်းကမ်းချက်ကို မလိုက်နာပါက အလုပ်သမားများကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားဆီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ပြည်ပ ရောက် အလုပ်သမားမိသားစုတွေက ငွေစာရင်း ဖွင့်ရမယ်။ ပြီးရင် အဲဒီငွေစာရင်းထဲကို ပြည်ပရောက် အလုပ်သမားကနေ မိသားစုဆီ တစ်လကို လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် ၃ လလစာ စုစုပေါင်း ၂၅ ရာခိုင်နှုန်းကို လွှဲရမယ်။ အဲဒီလို မလွှဲဘူးဆိုရင် ပြည်ပမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ လုပ်မပေးမယ့်အပြင် အဲဒီအလုပ်သမား ပြည်တွင်းကို ပြန်ရောက်ရင် နောက်တစ်ကြိမ် ပြည်ပ ထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင်မယ်လို့ အလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားစာပို့လာတယ်” ဟု ရန်ကုန်မြို့မှ ဂျပန်ပြည်ပအလုပ်အကိုင်ပို့ဆောင် အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနကမူ အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်ကို ပြည်ပရောက် မြန်မာအလုပ်သမား လိုက်နာခြင်းမပြုကြရန် ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကို ရွှေ့ပြောင်းအလုပ်သမားများ၏ ‌သမ္မာအာဇီဝ ချွေးနည်းစာအား အဓမ္မခေါင်းပုံဖြတ်၍ ဖြည့်ဆည်းနိုင် ရေးအတွက် မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြ ရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများထံ စစ်ကောင်စီက ဖိအားပေးညွှန် ကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်၍သော် လည်း ကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်း ကောင်း ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် သတိပေးကြေညာထားသည်။

ဓာတ်ပုံ- ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် တန်းစီ တိုးဝှေ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နေ ကြသည့် ပြည်တွင်းမှ မြန်မာလူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article