ရန်ကုန်တိုင်းစစ်ကောင်စီအခြေစိုက်ရာ တိုင်းလွှတ်တော်ဝင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ထိခိုက်မှုများရှိနိုင်
ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းစစ်ကောင်စီအခြေစိုက်ရာ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်ကြောင်း ရန်ကုန် တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ဝန်းကျင်ခန့် အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်တိုင်း စစ်ကောင်စီရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝင်းအတွင်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် ပစ်မှတ်သို့ထိရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံ တရာ ရှိနိုင်ပြီး လွှတ်တော်ဝန်းအတွင်းသို့ DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီး ဝင်သွားကြောင်း၊ အဆိုပါလွှတ်တော်ဝန်းအတွင်းသို့ မကြာသေးမီက တပ်အပြောင်းအရွှေ့ပြုလုပ်ထားကြောင်း သိရှိရသည်။
“ကျနော်တို့က ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရတဲ့အတွက် မြို့ပြမှာ ရန်သူရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ယန္တရားတွေ လုံးဝ လည် ပတ်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာဖြစ်တယ်၊ အကြမ်းဖက် စစ်ကောင်စီပြုတ်ကျသွားတဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ကလည်း ဒဂုံမြို့နယ်၊ ရန်ကုန် တိုင်း လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်စစ်ကောင်စီအဖွဲ့ရုံးဝင်းအတွင်း သို့ အနောက် ပိုင်းခရိုင် ပကဖ ၊ တပ်ရင်း ၊ တပ်ခွဲ ၁ နှင့် စမ်းချောင်း ပကဖတို့က ပူး ပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုများ လုပ်ဆောင်ခဲ့ကြသည်။
ဓာတ်ပုံ- မေလ ၁၂ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်ဝင်းကို ပစ်ခတ်တိုက် ခိုက်မှုများ လုပ်ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
