နိုင်ငံတကာတွင် ဆုများရရှိထားသည့် The Way musical ရုပ်ရှင်ကို အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် ဂျမေကာနိုင်ငံများတွင် ပြသမည်
ရန်ကုန်၊ စက်တင်ဘာ ၉
ကမ္ဘာ့နိုင်ငံအချို့ ၏ ရုပ်ရှင်ပွဲတော်များတွင် ဆုများ ရရှိခဲ့ပြီး မိုဘိုင်းလ် ၂လုံးတည်းနှင့်သာ ရိုက်ကူးခဲ့သော THE WAY musical ရုပ်ရှင်ကို အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူနှင့် ဂျမေကာနိုင်ငံများတွင် ပြသမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
ဂီတ၊ အသံ၊ သရုပ်ဆောင်ခြင်းအနုပညာများနှင့်အတူ ပေါင်းစပ်ထွက်ပေါ်လာသည့်အဆိုပါရုပ်ရှင်ကို ဩစတြေးလျနိုင်ငံ Sydney တွင် စက်တင်ဘာလ ၁၇ ရက်နေ့၌ လည်းကောင်း၊ ဂျမေကာတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်၊ ဂျပန်နိုင်ငံ တိုကျိုတို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့၌လည်းကောင်း၊ဩစတြေးလျနိုင်ငံ Perthနှင့် ဂျပန်နိုင်ငံ Oita Nakatsu, Shizuoka တို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့၌လည်းကောင်း၊ စင်ကာပူနိုင်ငံတွင် စက်တင်ဘာလ ၃၀ ရက်နေ့၌လည်းကောင်း ပြသသွားမည်ဖြစ်ပါသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု Texesနှင့် ဂျာမနီ၊ စင်ကာပူနှင့် ပြင်သစ်နိုင်ငံတို့တွင်လည်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ပြပွဲပြုလုပ်သူများထံမှ သိရသည်။
The Way ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်ရှိ 10701 Gainsborough RD Potomac , MD 20854တွင် လာမည့်စက်တင်ဘာလ (၂၃)ရက်နေ့ ၊ စနေနေ့ ညနေ ၆နာရီတွင် ပြသမည်ဖြစ်ပြီး သရုပ်ဆောင် မြတ်နိုးအေး ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း၊ ရုပ်ရှင်မပြမီ ညနေ ၄နာရီ ၃၀မိနစ်ကတည်းက မြန်မာ့ရိုးရာအစားအသောက်များ ရောင်းချပေးမည်ဖြစ်ပြီး The Way ၏ အမှတ်တရပစ္စည်းများကိုလည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
ရုပ်ရှင်အပြီးတွင် Zoom ကတစ်ဆင့် The Way ၏ဖန်တီးရှင် ဒါရိုက်တာ လင်းလင်း၊ သရုပ်ဆောင် ချစ်သုဝေ တို့က သရုပ်ဆောင် မြတ်နိုးအေး၊ ခင်နှင်းကြည်သာတို့နှင့်အတူ Talk Show တစ်ခုကို စီစဉ်တင်ဆက်မည်ဖြစ်ပြီး ရုပ်ရှင်ပြပွဲအတွက် လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရှိရပါသည်။
ရရှိလာသည့်ရန်ပုံငွေအားလုံးကို The Way Team မှတဆင့် မြန်မာပြည်တွင်း လိုအပ်သည့်နေရာများဆီ ပေးပို့သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းတွင် ပြသမည့် The Way ရုပ်ရှင် လက်မှတ်များကို Ko Yin Htwe – 301 5204160 Ko San Mann – 240 5860171 Ko Htike – 202 3903627 Ko Phyo – 240 4544152 တို့ထံတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး The Way နှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများကိုလည်း သက်ဆိုင်ရာလူမှုကွန်ယက်စာမျက်နှာများတွင် သွားရောက်ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။