28 C
Yangon

စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင် စီက စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေး ရောင်းခိုင်းနေ

Must read

စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင် စီက စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေး ရောင်းခိုင်းနေ

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုများ က စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှားမှုများကို ပြုလုပ်နေချိန် စစ်ကောင်စီကလည်း တန်ပြန်သည့်အနေဖြင့် စစ်တပ်ကုန်စည်များကို စျေးဆိုင်များတွင် အတင်းအကျပ် ဖိအားပေးရောင်းခိုင်းနေကြောင်း သိရှိရသည်။

တော်လှန်ရေးအင်အားစုများ ဆောင်ရွက်နေသော စစ်တပ်ထုတ်ကုန် သပိတ်မှောက် ရေးလှုပ်ရှားမှုကို တန်ပြန်ရန် စစ်ကောင်စီက ဆိုင်ပိုင်ရှင်များကို အတင်း အကျပ်ဖိအားပေးရောင်းချခိုင်းကြောင်း၊ ရောင်းချသည့်အပြင် စျေးများကို ဝင်ရောက်စစ်ဆေးပြီး စစ်တပ်ထုတ်ကုန်မရောင်းသော ဆိုင်များကို စစ်တပ်၏ ထုတ်ကုန်များ ရောင်းချရန် အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက် ကြောင်း သိရှိရသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများက စစ်တပ်ထုတ်ကုန် သပိတ်မှောက် ရေးလှုပ်ရှားမှု ကနဦးခြေလှမ်းအနေဖြင့် သပိတ်မှောက်မည့် စစ်တပ်ပိုင် စီးက ရက် နှင့်အဖျော်ယမကာ တံဆိပ်များမှာ-

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ဖြစ်ပြီး အဆိုပါ ကုန်ပစ္စည်း ၈ မျိုးကို လုံး၀ မသုံးစွဲ ကြရန် မ၀ယ်ယူကြရန် မရောင်းချကြရန် ပြည်သူလူထု တစ်ရပ်လုံးကို လှုံ့ဆော်စည်းရုံးကြလျက်ရှိကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြည်သူများ၏ သပိတ်မှောက်မှု‌

များ ကြောင့် မြို့နယ်အများစုတွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများ

ရောင်းအား ဆိုးရွားစွာကျဆင်းလျက်ရှိကြောင်း၊ အဆိုပါသပိတ်မှောက်မှုများ ကို တန်ပြန်ရန် အကြမ်းဖက်စစ်ကောင်စီဘက်က ဘီယာဆိုင်များ၊ ကုန်စုံဆိုင်များ ကို စစ်တပ်ထုတ်ကုန်ပစ္စည်းများ မဖြစ်မနေရောင်းချရန် ဖိအားပေးစေခိုင်း ရောင်းချခိုင်းခြင်း၊ မရောင်းချသော ဆိုင်များအား ဒဏ်ကြေးတပ်ခြင်းများ ဖြင့် အရေးယူမှုများရှိနေကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီထုတ်မြန်မာဘီယာ မရောင်းချသည့်ဆိုင်ခန်း၃၀ ကျော် ကို မြို့နယ်ထွေအုပ်နှင့် စည်ပင်မှငွေကျပ် (၁၀)သိန်းထက် မနည်းဒဏ်ကြေးပေးဆောင် ခိုင်းခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ထုတ်ကုန်ပစ္စည်းများ မဖြစ်မနေရောင်းချကြရန် ကုန်စုံဆိုင်များကို ကြပ်မတ်ဆောက်ရွက်စေသည့် စက်တင်ဘာလ ရက်စွဲဖြင့် ဌာနတွင်းညွှန်ကြားချက်စာတစောင်လည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

“အကြမ်းဖက်ဖက်ဆစ်တပ်ရဲ့ ပြုမူမှုတွေကတော့ မည်းမည်း မြင်ရာဟောင်နေကိုက်နေတဲ့ခွေးရူးတွေလိုပေါ့နော်။ အခုပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တပ်ပိုင်တဲ့ ကုန်စည်နဲ့၀န်ဆောင်မှုတွေကို မ၀ယ်ယူ‌ဘူး မသုံးစွဲဘူး ဈေးဆိုင်တွေမှာ မတင်ဘူး ။ ဒါ လူထုက သူတို့နိုင်တဲ့ ဒီတော်လှန်ရေးတာ၀န်ကို ဘဏ္ဍာရေးစစ်မျက်နှာမှာ ထမ်းဆောင်နေကြတာဗျ။ ဒါကို စစ်အုပ်စုက ထုံးစံအတိုင်း သူတို့မှာရှိတဲ့ လက်နက်အင်အားကို အသုံးပြုပြီး သူတို့တပ်ပိုင်ပစ္စည်းတွေကို ဆိုင်တွေမှာ မတင်ဘူးဆိုရင် ဖမ်းဆီးမယ် ဒဏ်တပ်မယ် စတဲ့ အကြောက်တရားကိုသုံးပြီး ဖိနှိပ်ခြိမ်းခြောက် ဝါဒဖြန့်နေရတဲ့ အခြေအနေပေါ့ တော်တော်လေးမှ အခြေအနေဆိုးတဲ့ ဖက်ဆစ်တပ်လို့ ပြောရမလိုကို ဖြစ်ပါတယ်” ဟု နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားနေသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ပြောဆိုသည်။

လူထုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပုံစံမျိုးဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့က မည်မျှပင် ဖိနှိပ်ပါစေ လူထုက အကြောက်လန့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” လူထုက သူတို့ပါ၀င်လို့ရတဲ့ တော်လှန်ရေးနည်းနာတွေကို ရတဲ့နည်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိရှိ ပါးပါးနပ်နပ်နဲ့ကို ပါ၀င်နေကြမှာဖြစ်တယ်

ပြောချင်တာကဗျာ ဖြဲခြောက်လို့ ကြောက်သွားမယ့် ငြိမ်ကုပ်သွားမယ့် လူထုဟာ ဒီနေ့ ၂၁ ရာစု နွေဦးပြည်သူ့တော်လှန်ရေးကိုဖော်ဆောင်နေတဲ့ မြန်မာပြည်သူတွေမပါပါဘူး။ ဒါကြောင့် ဘဏ္ဍာရေးစစ်မျက်နှာအပါအ၀င် နွေဦးတော်လှန်ရေး စစ်မျက်နှာအားလုံးကို ဟန်ချက်ညီညီ အရှိန်အဟုန်မြှင့်ပြီးတော့ ဆက်လက်တိုက်ပွဲ၀င်သွားကြပါစို့လို့ဘဲ ကျနော်ကတော့ ပြောချင်ပါတယ် “ဟု ၎င်းက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article