ဝက်လက်မြို့နယ်၊ ဖိုးဝင်းတပ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ဖိုးဝင်းတပ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ထံမှ သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ဖိုး၀င်းတပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း၌ အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၆ ကြောင်း ခွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
စစ်ဘေးရှောင် ပြည်သူများသည် မိုးတွင်းကာလဖြစ်သည့်အတွက် အမိုးအကာများလည်း အရေးပေါ် လိုအပ်လျက်ရှိပြီး စားနိပ်ရိက္ခာများလည်း ပြတ်တောက်နေကာ ဖျားနာရောဂါများလည်း ခံစားနေရသောကြောင့် ဆေးဝါးနှင့်ဓာတ်ဆားများလည်း လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ Facebook page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

