ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပခုက္ကူရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများ စုဝေးရာ နေရာများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၉ လုံး ကျဲချ တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ နဂါးနီ – အာဠာဝက – Local – PDF၊ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ ဗိုလ်တစ်ထောင် Group ဒီပဲယင်း၊ မင်းညီနောင်အဖွဲ့၊ တိမ်လွှာအဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို မောင်းသူ မဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက် ညနေပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နီးနီးကပ်ကပ် ကျဲချနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ ၊ Thurain နှင့် Young Force UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
