မတူပီမြို့ အခြေစိုက် ဗျူဟာစခန်းမှ စစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၆၀ စီ ချီးမြှင့်
ရန်ကုန်၊ စက်တင်ဘာ ၉
ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် ဗျူဟာစခန်းမှ စစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၆၀ စီ ချီးမြှင့်ခဲ့ကြောင်း CDF Matupi က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂၈ ရက်နေ့တွင် မတူပီမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စစ် ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော် နှင့် ဒုတပ်ကြပ် ဝေလွင်တို့သည် CDF Matupi တပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်း ဝင်လာသောကြောင့် CDF Matupi မှ ဆုငွေ သိန်း ၆၀ စီ ချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်သား ၂ ဦးသည် MA 1 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည် ၅၃ဝ တောင့် နှင့် ကျည်ဘောက် ၈ ခုတို့ ယူဆောင်လာကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်းနှင့်အတူ CDF Matupi ထံ CDM ပြုလုပ် အလင်းဝင်မည် ဆိုပါက ထိုက်သင့်သည့် ဆုငွေ ချီးမြင့်ပြီး လုံခြုံရေး နှင့် အခြားလိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်၍ အချိန်မရွေး CDF Matupi မှ ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။