ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ စစ်တပ် တပ်စွဲထားသော ရုံးကို ဒရုန်းဖြင့် ဗုံးကျဲပြီး ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၉
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရုံးကို ဒရုန်းဖြင့် ဗုံးကျဲပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ အခြေပြု တပ်စွဲထားသော ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တပ်ရင်း ၃၇၀၂ တပ်ခွဲ (၄) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက Drone ဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများတွင် ၃ ပွင့်အဆင့်ရှိ ဗိုလ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
