မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းများကို ၃ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းများကို ၃ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မန္တလေးမြို့ဘက်မှ မြောက်ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကား ၆ စီးပါ ယာဥ်တန်းကို မန္တလေး-မတ္တရာ ကားလမ်းတစ်နေရာ၌ မတ္တရာမြို့နယ် ပကဖအဖွဲ့များ ဖြစ်သည့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့နှင့် နဂါးညီနောင်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ်၊ ရေနံသာရွာအနီးတွင် ပန်းယျရွာ ရွှေဒါလီ ဘုရားတန်းမှ မြောက်ဘက်သို့ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မတ္တရာမြို့နယ် ပကဖ မိုးကြိုးပြောက်ကျားအဖွဲ့က ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်ခန့် ကလည်း မတ္တရာမြို့နယ်၊ အုတ်တိုက်ရွာနှင့် ချောင်းတော်ဝရွာ အကြား ကရမက်ဘောင်အနီးတွင် အုတ်တိုက်ရွာမှ ထွက်ခွာလာသည့် အင်အား ၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာမြို့နယ် ပကဖ က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၈ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဂွေ့ကြီးရွာ မှ ချောင်းတော်ဝရွာသို့ သွားသည့် လမ်းပိုင်းတွင် ဆိပ်သာရွာမှ ထွက်ခွာလာသည့် အင်အား ၂၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာ မြို့နယ် ပကဖ က ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ကျွဲကျရာမှ အုတ်တိုက်ရွာဘက်သို့ ထွက်ခွာလာသည့် အင်အား ၅၃ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခူအိုင်တံတား အနီးတွင် မတ္တရာ မြို့နယ် ပကဖ က ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ တိုက်နယ် ၄ ဒေသ၊ အင်းကုန်းရွာ ဇရပ်မှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာမြို့နယ် တောကြီးကန်းတပ်ဖွဲ့နှင့် ဒေါင်းစစ်သည်တပ်ဖွဲ့တို့က ပဒေသာမိုင်း ၁ လုံးဖြင့် မတ္တရာ မြို့နယ် ပကဖ က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရသည်။
Photo – ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ