ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာနှင့် ညောင်ပင်အိုင်ရွာ အကြားတွင် လမ်းသွား လမ်းလာ ပြည်သူများကို စစ်ဆေးနေသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Dragon Brothers (GBK-PDF) မှ လက်လုပ် ၄၀ မမဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု အတွင်း စစ်သား ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ သေဆုံးသွားသော စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။
” စစ်ခွေး ၃ ကောင်သေတာကတော့ အတည်ပြုနိုင်တယ်။ စစ်ခွေး အလောင်းတွေကို နာရေးကားနဲ့ သယ်သွားတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းရွာဘုန်းကြီးကျောင်းတွင် အထိုင်ချနေပြီး ကွင်းချောင်းအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်လည်း စစ်သား တချို့ကို တပ်ဖြန့်ထားကြောင်း၊ အာဏာရှင်ကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးပန်းတိုင်သည် အချိန်နှင့်အမျှ နီးကပ်လာသည်နှင့် အညီ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်များ၊ ခြေကုပ်စခန်းများနှင့် စစ်ကြောင်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Dragon Brothers (GBK-PDF) က ထုတ်ပြန်ထားသည်။
