သရက်ချောင်းတွင် စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်၊ ပလောက်မြို့ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့နယ်ဘက် သို့ ဆင်းလာသော အကြမ်းဖက်စစ်တပ်မြေသယ်ကား ၃ စီးအနက် တစ်စီးကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်ဒဏ်ရာရရှိပြီး ကျောက်မိုင်းလုပ်သား ယာဉ်မောင်းတစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ဖိုးသောကြ ကျောက်မိုင်းမှ ကားများကို အသုံးပြုလာခြင်းဖြစ် ပြီး ကားပေါ်တွင် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်နှင့် ကျောက်မိုင်းလုပ်သား ၁၀ ဦးခန့်ကို တင်ဆောင် လာခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲတိုက်ခိုက်ပြီးမှ သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်သူ ယာဉ်မောင်းတစ်ဦး ထိခိုက်မှုအတွက် အနူးအညွတ်တောင်းပန်ပါကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (ပကဖ)အနေဖြင့် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပြီး ယခုကဲ့သို့ အဖြစ်မျိုး နောက်နောင်မဖြစ်ပွားစေရန် အကြမ်းဖက်စစ်သားရှိသည့်နေရာ၊ အကြမ်းဖက်စစ်ကောင်စီကားများနှင့် ဝေးဝေးရှောင်ရှားနေထိုင်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ပလောက်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပလောက်မြို့၊ နန်းသီလာရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် ပျူစောထီးများသာရှိပြီး အင်အား ပုံမှန်မရှိသော်လည်း ပုံမှန်အစစ်အဆေးရှိကြောင်း၊ ယင်းဂိတ်ကို မြိတ်ခရိုင်တပ်ရင်း ၁ နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက သွားရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုသည် ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဂိတ်၌ စောင့်နေသော ပျူစောထီး အဖွဲ့ဝင်များ ထွက်ပြေးသွားသည့်အတွက် စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
