26 C
Yangon

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ မော်တော် ၁ စီးကို ပစ်ခတ် တိုက်ခိုက်၊ ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး

Must read

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ မော်တော် ၁ စီးကို ပစ်ခတ် တိုက်ခိုက်၊ ပုလောတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ မော်တော် ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၁ဝ မိနစ်ခန့်တွင် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ တပ်ခွဲ ၄ ၊ 5/Teachers People Defense Force ၊ Fight For Freedom ( F3 ) ၊ Chindwin Defense Force ( CDF ) နှင့် ချင်းတွင်းတွန်းနယားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုကိခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မော်တော် ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်တုတ်ပြောင်းအကြီး ၈ ပြောင်း၊ အဖူးထွက်ပြောင်း ၃ လက်နှင့် လက်နက်ငယ်များအပါအဝင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် စစ်သားများ အထိနာ၍ အနီးရှိ စစ်တပ် ကင်းအား ပစ်ကူတောင်းတဲ့အနေဖြင့် မီးကျည် ၂ ကြိမ် တိုင်တိုင် အချက်ပြခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မုံရွာခရိုင် ပြည်သူ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) နှင့် တပ်ခွဲများမှ အကြမ်းဖက် စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်နေကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ ပိတပ်ကျေးရွာကို အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ အကြမ်းဖက် စစ်တပ်က မွန်းလွဲ ၁၂ နာရီဝန်းကျင်ခန့်တွင် ပိတပ်ကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပိတပ်ကျေးရွာအတွင်းရှိ နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ပြီး နေအိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အစားအသောက်များ၊ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများအပြင် ရေတပ်စစ်သင်္ဘောများမှပါ အမြောက် ပစ်ကူများ ပစ်ခတ်ခဲ့ကာ ပိတပ်ကျေးရွာမှ နေအိမ်များကို ရိုက်ချိုးဖျက်ဆီးပြီး ပြည်သူ ၁ ဦး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးရှိ ပစ္စည်းများကို သေချာစွာ ထုပ်ပိုး သိမ်းဆည်းထားကြရန်၊ စစ်ရေးသတိအမြဲရှိရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များမှ ထုတ်ပြန်သည့် ကြေညာချက်များကို လေးစားလိုက်နာပေးကြရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article