တမူးနှင့်ကလေးမြို့နယ်တို့တွင် စစ်တပ်က လေဖြတ်လူနာတစ်ဦး၊ CDM ကျန်းမာရေးဝန်ထမ်းနှင့် လူငယ် တစ်ဦးတို့ကို အကြောင်းမဲ့ သတ်ဖြတ်
ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက စက်တင်ဘာ ၆ ရက်နေ့က ခမိတ်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ကိုသားငယ်၊နှင့် နန်းမွန်းတားကျေးရွာက အသက် ၄၈ နှစ်အရွယ် လေဖြတ်လူနာ ဦးသောင်းခိုရန်းတို့ကို သတ်ဖြတ်ခဲ့တယ်လို့ဒေသခံ တွေဆီကနေသိရပါတယ်။
” မပြေးနိုင်တော့တဲ့လေဖြတ်လူနာကို သေနတ်နဲ့ပစ်သတ်သွားတယ်။ နောက်တယောက်ကတော့ ကျန်းမာရေး CDM ဝန်ထမ်းလို့သိရတယ်။ ရာထူးအဆင့်တော့မသိရဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တမူးမြို့ပေါ်ကစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ခမိတ်ကျေးရွာကိုစစ်ကြောင်းထိုးခဲ့တာမှာ မပြေးနိုင်တဲ့ လေဖြတ်လူနာတစ်ဦးနဲ့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးကိုပစ်သတ်ခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင်တွေဟာကျေးရွာကနေအိမ်တွေကိုလည်းဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ကလေးမြို့၊ မဂ်လာဥယျာဥ်ရပ်ကွက်မှာ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက ပျူစောထီးတွေရဲ့ပစ်ခတ်မှုကြောင့် အသက်၂၁ နှစ် အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ဆိုင်ကယ်တစ်စီးထဲနှစ်ယောက်စီးလာတာကိုနောက်ကနေဆိုင်ကယ်နဲ့ပဲလိုက်ပစ်တာ။ နောက်ကထိုင်တဲ့ကလေးကိုမှန်ပြီးကျနေခဲ့တာ။ ရှေ့ကစီးတဲ့သူ ကလွတ် သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကလေးမြို့ပေါ်မှာ ယောကျ်ားလေးနှစ်ဦးဆိုင်ကယ်တစ်စီးထဲစီးတာကို စစ်ကောင်စီကတားမြစ်ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဆိုင်ကယ်နှစ်ယောက်မစီးရအမိန့်ထုတ်ထားပြီးနောက် နောက်ကနေ လိုက်လံပစ်ခတ်တာဟာ ဒါပထမဦးဆုံးအကြိမ်ဖြစ်တယ် လို့လည်းဒေသခံ တွေကဆိုပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ကလည်း ဆိုင်ကယ်နှစ်ယောက်စီးလာတာကို ကလေးမြို့ ပင်လုံရပ်ကွက် သူနာပြုသင်တန်းကျောင်းက စစ်ကောင်စီအဖွဲ့ဝင် တွေက ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။
ကလေးမြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
