တောင်ငူမြို့နယ်ရှိ စစ်တပ်၏ ဆိတ်ဖူးတောင်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ မိုးကုတ်မြို့နယ်တွင် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမြန်လမ်းပိုင်းရှိ ဆိတ်ဖူးတောင် အထိုင်ချစခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီခန့်ကတောင်ငူမြိုနယ်၊ အမြန်လမ်း ၁၆၂ မိုင်ရှိ အကြမ်းဖက် စစ်သား ၂၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ဆိပ်ဖူးတောင် အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး ရာထူးအဆင့်ကို အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ အ နောက်ရိုးမမှ ထုတ်နှုတ်အင်အား ၁၆ ဦးနှင့် နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များမှာအနေဖြင့် စခန်းသိမ်းနိုင်ရန် စီစဉ်ထားသော်လည်း ခဲယမ်း၊ ကျည် မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Bago Region PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က အထက်ညောင်ကုန်းရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံအနီးကို စစ်အင်အား ဖြည့်တင်းလာစဉ် တအာင်းတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၆၆၆ နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လယ်ကြီးရွာနှင့် တောင်နီ အကြားကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်၊ RPG ဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တအာင်းတပ်မတော် – TNLA နှင့် အကြမ်းဖက် စစ်တပ် အကြား နေ့စဉ် တိုက်ပွဲ ပြင်းထန်နေပြီး ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ တိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
