ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် မုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘိုမတီးစခန်းမှ စစ်သားများက မိချောင်းခေါင်းကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၆၁ နှစ်အရွယ် ဒေါ်ခင်စန်းဝင်း လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထောရေဒဲကျေးရွာအတွင်းကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ပြီး ကျေးရွာအနီးရှိ လယ်ကွက်များ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ကျေးရွာနေ ပြည်သူများသည့် ထိတ်လန့်ကြောက်ရွံ့နေကြောင်း သိရသည်။