33 C
Yangon

တနင်္သာရီတိုင်းတွင် သြဂုတ်လအတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

တနင်္သာရီတိုင်းတွင် သြဂုတ်လအတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က သြဂုတ်လအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ပြည်သူ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လအတွင်း တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ထားဝယ်ဒေသ အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာကို အကြမ်းဖက် စစ်က စစ်ကြောင်း ထိုးဝင်ရောက်ခြင်းကြောင့် အနီးနားရှိ ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ လိပ်‌ကြယ်ပြောင် စသည့် ကျေးရွာများမှ ဒေသပြည်သူ ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီ အမြဲတမ်း စစ်ရှောင် ၅၀၀ ခန့်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ရေနက်‌ဆိပ်ကမ်း ဧရိယာတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ကာ အရပ်သားများကို ဖမ်းဆီးမှုများ ပြုလုပ်ခြင်းကြောင့် ဧကနိ၊ ဝဇွမ်းတော၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ ရငဲ စသည့် ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

သရက်‌ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ရွာပေါင်း ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်တေနရပြီး ရငဲရွာမှ ပြည်သူ ၂၀၀၀ ကျော်ခန့်သည် စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းကြောင့် တီဇစ်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာမှ ပြည်သူ ၁၅၀၀ ခန့်သည် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အမြဲတမ်း စစ်ရှောင် ၅၀၀၀ အပါအဝင် ပြည်သူ ၆၅၀၀ ခန့် စစ်ဘေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

ပုလောမြို့နယ်တွင်လည်း စစ်ဘေးရှောင် စခန်းများတွင် နေထိုင်သည့် အမြဲတမ်းစစ်ဘေးရှောင် ၂၆၀၀ ကျော်ရှိပြီး အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကိုဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နီးစပ်ရာမြို့နှင့် ရွာများတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူက ၁၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းနှင့် ဘန်လောကျေးရွာအုပ်စုတို့တွင် ဒေသပြည်သူ ၄၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၃၇၀၀ ကျော်သည့် နေရပ်မပြန်နိုင်ဘဲ အမြဲတမ်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ကော့သောင်းမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး မလိဝမ်းကျေးရွာတွင် နေထိုင်သည့် ပြည်သူ ၁၀၀ ခန့်သည် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။

Photo – ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article