26 C
Yangon

စစ်အာဏာရှင် တော်လှန်ရေး ခရီးကြမ်းတွင် NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုကို အထိနာစေသည့် အမှားအယွင်းမရှိစေဘဲ သတိဖြင့် လျှောက်လှမ်းကြရန် ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး

Must read

စစ်အာဏာရှင် တော်လှန်ရေး ခရီးကြမ်းတွင် NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုကို အထိနာစေသည့် အမှားအယွင်းမရှိစေဘဲ သတိဖြင့် လျှောက်လှမ်းကြရန် ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၃

နွေဦးတော်လှန်ရေး၏ စစ်အာဏာရှင် တော်လှန်ရေး ခရီးကြမ်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် လူထုကို အထိနာစေသည့် အမှားအယွင်းမရှိစေဘဲ သတိဖြင့် လျှောက်လှမ်းကြရန် ယာယီသမ္မတ ဒူဝါလရှိးလ သတိပေးပြောဆိုလိုက်သည်။

ယမန်နေ့ ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည် ။

ပြည်သူကို ကိုယ်စားပြုထားသည့် NUG အစိုးရ အဖွဲ့ဝင် ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေး ဦးတည်ချက်များ မပျက်မယွင်းစေဘဲ တော်လှန်ရေး ခရီးရှည်တွင် ပဲ့ကိုင်ကြရန် သမ္မတက သတိပေးပြောဆိုသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိ လျှောက်လှမ်းနေသော နွေဦးတော်လှန်ရေးသည် သုညမှ စတင်ခဲ့၍ လက်တွေ့အကျိုးရလဒ်များများ ထွက်ပေါ်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး လျှော့မရသကဲ့သို့ လူထုနိုင်ငံရေးတိုက်ပွဲများကို လျစ်လျူရှု၍ မရကြောင်း ၎င်းက ဆက်လက် သတိပေးသည်။

“ကျနော်တို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခု နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစု အဖွဲ့တွေ ရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာ တဲ့ကိစ္စဖြစ်ပါ တယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်” ဟု ယာယီသမ္မတ က သတိပေးပြာဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article