ကနီမြို့အတွင်း ရောက်ရှိလာသည့် စစ်သင်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကနီမြို့အတွင်း ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော်ထံမှ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မုံရွာမြို့မှ သင်္ဘော ၁၁ စီးဖြင့် စစ်သား အင်အား အများအပြား လိုက်ပါလာသော စစ်သင်္ဘော အုပ်စုသည် ကနီမြို့ အနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည် ဆုတ်ခွာလာခဲ့ပြီး ထိတွေ့မှု ဖြစ်စဉ်အတွင်း မဟာမိတ် ပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း၃၀ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ FBGAI AK ပြောက်ကြားအဖွဲ့ နှင့် အညာတပ်ခွဲဒေါင်းမင်းစစ်ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

