26 C
Yangon

သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာ၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့် ၂ နာရီတိုးမြှင့် သတ်မှတ်

Must read

သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာ၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့် ၂ နာရီတိုးမြှင့် သတ်မှတ်

ရန်ကုန်၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မြိတ်-ထားဝယ် ကား လမ်းပိုင်း၊ သရက်ချောင်းမြို့နယ်ရှိ မြို့မရဲစခန်း အရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ ခရီးသွား ပြည်သူများထံမှ ငွေကြေး တောင်းရမ်းမှု များပြားနေကြောင်း၊ တရားမဝင်ငွေကြေး တောင်းရမ်းမှုကို သရက်ချောင်းမြို့နယ် ရဲတပ်ဖွဲမှူးနှင့် နယ်ထိန်း ခေါင်းဆောင်တို့က အဆင့်ဆင့် ခိုင်းစေချက် အရ ကောက်ခံနေခြင်း ဖြစ်ကြောင်း ယင်းမြို့၏ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဂိတ်များတွင် ယခင်က လူတစ်ဦးလျှင် ၅၀၀၀ ကျပ်သာ ပေးရပြီး လက်ရှိတွင် ၅၀၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ် အထိ ကောက်ခံလာကာ ကားခ ဝန်ဆောင်မှုကိုလည်း စစ်သားနှင့်ရဲများထံ ၃ ဆ မှ ၅ ဆ အထိ ပေးဆောင်နေရကြောင်း သိရှိရသည်။

အဆိုပါ လိုင်းကြေးငွေ ကောက်ခံနေမှုကို သရက်ချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် နန်းဝင်း (သရက်ချောင်းမြိုမရဲစခန်း၏ နယ်ထိန်းခေါင်းဆောင်း) ဒု-ရဲအုပ် နန်းဝင်း၊ နယ်ထိန်းများ ဖြစ်သော ရဲတပ်ကြပ် ခင်မောင်ဝင်း၊ ရဲဒုတပ်ကြပ် သုရစိုး၊ ရဲတပ်သားသား စန်းလင်းခိုင်တို့ပါ နယ်ထိန်း အဖွဲ့များ ဖွဲ့ကာ ထားဝယ် မြိတ် ကားလမ်းပေါ်တွင် တရားမဝင် ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

တရားမဝင် ငွေကြေး ကောက်ခံမှုများထဲတွင် ခရီးသွား ယာဉ်များကို တားဆီး၍ စစ်ဆေး ကောက်ခံခြင်းဖြစ်ကာ မှတ်ပုံတင် အမှတ် ၆/ အပါအဝင် တခြားသော မြန်မာနိုင်ငံ အထက်ပိုင်းမှ လာသော ခရီးသွား ပြည်သူများ ဖြစ်သော ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့်သူများထံမှ ပိုမိုကောက်ခံလေ့ ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်မယ့် သူများသည် မလွဲတောင် စစ်ဆေးရေးဂိတ်မှ ကော့သောင်းမြို့ဝင် ဂိတ် အထိ ၂ သိန်းကျော် ပေးဆောင်ရကြောင်း၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်သို့ သွားရောက်မည့် ခရီးသည် တစ်ဦးလျှင် သက်ဆိုင်ရာမြို့နယ်အလိုက် ကားခ ကျပ် ၃၀၀၀၀ မှ ၁၀၀၀၀၀ ကျပ် အထိပေးဆောင်ရပြီး စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များကို ကျပ် ၂ သိန်းကျော်ဝန်းကျင်ပေးရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လုံခြုံရေး အကြောင်းပြပြီး အဝေးပြေး လမ်းမပေါ်တွင် စစ်ဆေးရေး ဂိတ်များကို အများအပြားဖွင့်လှစ်ပြီး လက်ရှိတွင် ငွေကြေး တောင်းခံမှုများက အဓိက ဖြစ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့်ကို ၂ နာရီ တိုး၍ သတ်မှတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဒေသပြည်သူများကိုလည်း ရပ်ကွက် ကင်းစောင့်တာဝန်များ ယူခိုင်းကြောင်း၊ ပလောက်မြို့တွင် ညမထွက်ရအမိန့်သည် ယခင် ည ၈ နာရီမှ နံနက် ၅ နာရီ အတွင်းဖြစ်ပြီး ယခုတွင် ည ၇ နာရီမှ နံနက် ၆ နာရီ အထိ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အချိန် ပြောင်းလဲခြင်းကို ပျူစောထီးအဖွဲ့ဝင် ၃ ဦးက ဟိုက်ဂျက်ကား ၁ စီးဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ခံထားရတဲ့ ပုလောမြို့နယ်တွင် ပလောက်မြို့၊ ပုလောမြို့၊ ပလမြို့တို့ပါဝင်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ပလောက်မြို့ တစ်ခုတည်းကိုသာ ညမထွက်ရအမိန့် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပလောက်မြို့ထဲရှိ ရပ်ကွက်တစ်ခုစီတိုင်းကို ပြည်သူ ၃ ဦး ညဘက် ကင်းစောင့်ရန် အမိန့်ပေးထားသည့် အတွက် ရပ်ကွက်ထဲ မီးကင်းပုံစံမျိုး၊ ရပ်ကွက်ထိပ်များတွင် ကင်းစောင့်နေရကြောင်း သိရှိရသည်။

Photo – သရက်ချောင်းမြို့နယ်ရှိ မြို့မရဲစခန်း အရှေ့တွင် ခရီးသည် ယာဉ်လိုင်းများအား စစ်ကောင်စီ လက်အောက်ခံ ရဲများက ငွေကြေး တောင်းခံနေစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article