26 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အလွန်အမင်း စိုးရိမ်ကြောင်း သားဖြစ်သူ ပြောဆို

Must read

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အလွန်အမင်း စိုးရိမ်ကြောင်း သားဖြစ်သူ ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၁၃

အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားသည့် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု ရက်ပိုင်းအတွင်း သွားဖုံးရောင်ရောဂါနှင့် ပြင်းထန်သော သွားကိုက်ဝေဒနာ ခံစားနေရပြီး ပြင်ပသွားဆရာဝန်နှင့် ကုသခွင့်ရရန် ငြင်းဆန်ခံထားရသည့် အတွက် အလွန်အမင်း စိုးရိမ်ပူပန်စရာဖြစ်ကြောင်း ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း ကပြောဆိုထားသည်။

“သူမရဲ့ အခြေအနေအတွက် ကျွန်တော်အလွန်အမင်း စိုးရိမ်မိတယ်။ သူမက အရင်ကလောက်ဒေါင်ဒေါင်မြည် ကျန်းမာရေးအခြေအနေမဟုတ်ပါဘူး” ဟု ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ပြောဆိုသည်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်းထန်သော သွားဖုံးရောင်ဝေဒနာနှင့် မူးဝေအော့အန်ခြင်း ဝေဒနာများ ခံစားနေရသည့်အပြင် အစားအစာ စားသောက်နိုင်ရန် ရုန်းကန်နေရကြောင်း၊ အကြမ်းဖက်စစ်အုပ်၏ အကျဉ်းထောင်အာဏာပိုင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင် ဆရာဝန်ကသာ လာရောက် စစ်ဆေးပေးခဲ့ပြီး ပြင်ပသွားဆရာဝန်နဲ့ ကုသခွင့်ရန် ငြင်းဆန်ခံထားရကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး လန်ဒန်မြို့ရှိ မြန်မာသုံရုံးကို ရိုက်တာသတင်းဌာနက မှတ်ချက်တောင်းခံခဲ့ပေမယ့် တုန့်ပြန်မှုမရှိခဲ့ကြောင်း၊ ရိုက်တာသတင်းဌာန အနေဖြင့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းခေါ်ဆိုခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ရိုက်တာက ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က ဖမ်းဆီးသွားသည့် ၂၀၂၁ ခုနှစ် ကတည်းက အဆက်အသွယ်မရတော့ဘဲ မိခင်နှင့် ဆက်သွယ်ခွင့်ပြုရန် မြန်မာစစ်တပ်ထံ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း က အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပယ်ချ ခံခဲ့ရကြောင်း၊ ဩဂုတ်လအတွင်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှု ၁၉ မှုအနက် ၅ မှုတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ချမှတ်ထားပြီး နေအိမ်အကျယ်ချုပ် ပုံစံပြောင်းရွေ့ထားသည်ဟု ထုတ်ပြန်ပြောဆိုမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် နေပြည်အချုပ်ထောင်၌သာ ဆက်လက် ဖမ်းဆီးထားကြောင်း ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက ပြောဆိုသည်။

“သူတို့က အမေ့ကို နေအိမ်အကျယ်ချုပ်နဲ့ ပြောင်းရွှေ့ခံရတာနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းတွေကို ဖြန့်ဝေဖို့ ကြိုးစားနေပါတယ်။ ဒါက နိုင်ငံတကာ အသိုက်အဝန်းနဲ့ပြေလည်ချင်လို့ သတင်းမှားဖြန့်တာသက်သက်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒီသတင်းမှားကို ကောင်းကောင်း သဘောပေါက်ပါတယ်” ဟု ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း က ရှင်းပြသည်။

ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း သည် မိခင်ဖြစ်သူ၏ ကျန်းမာရေးကိစ္စ နှင့် ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် စကားပြောဆိုခဲ့သော်လည်း စစ်တပ်နှင့် ဆက်ဆံရေး မရှိသောကြောင့် အစိုးရ၏ လုပ်ဆောင်နိုင်မှု အနည်းငယ်သာ ရှိသည်ဟု တုန့်ပြန်​ခဲ့ကြောင်း၊ မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေများကို သိရှိရန် ဆိုရှယ်မီဒီယာနှင့် သတင်းချန်နယ်များကိုသာ အားကိုးနေရကြောင်း သိရသည်။

မိခင်ဖြစ်သူကို ပြန်မတွေ့ရတော့မည်ကို စိုးရိမ်နေလားဟု ရိုက်တာသတင်းဌာန၏ မေးမြန်းချက်ကို ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း က “သေချာပါတယ် စိုးရိမ်ပူပန်စရာပါပဲ” ဟု ဖြေကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article