ထိုင်းနိုင်ငံထဲသို့ မြန်မာစစ်သားများ ရည်ရွယ်ချက်ရှိရှိ ဝင်လာခြင်း မဟုတ်၍ အရေးယူရန် မလိုအပ်ဘဲ နေရပ်ပြန်ပို့လိုက်ပြီဟု ထိုင်းကာကွယ်ရေး ဝန်ကြီး ခုခံ ပြောဆို
ရန်ကုန်၊ စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ မြန်မာစစ်သား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်လာ ခြင်းသည် ရည်ရွယ်ချက်ရှိရှိ ဝင်လာခြင်းမဟုတ်၍ အရေးယူရန် မလိုအပ်ဘဲ နေရပ် ပြန်ပို့လိုက်ပြီဟု ထိုင်းကာကွယ်ရေး ဝန်ကြီးသစ် SKlungsang က ပြောဆို ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
မြန်မာစစ်သားများသည် နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် လာခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်သဖြင့် အရေးယူရန် မရှိ ကြောင်း၊ လက်ရှိတွင် ထိုင်းနယ်မြေအတွင်း ရောက်ရှိနေသည့် မြန်မာစစ်သား များကို နေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးက ပြောဆိုသည်။
ထိုင်းနိုင်ငံ နယ်စပ်ဖြစ်သော တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် လေးတောခိုရွာ အတွင်း သို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်သား ၈၀ ဦးဝန်းကျင်သည် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တပ်ရင်း ၅၆၁၊ တပ်ရင်း ၃၃၉၊ တပ်ရင်း ၅၅၇ တို့မှ အကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် လေယာဉ်နှင့် ထွက်ခွာလာပြီး ယင်းတပ်ရင်း ၃ ရင်းထဲမှ အင်အား ၈၀ ၊ ၉ဝ ၀န်းကျင် ရှိသော အကြမ်းဖက်စစ်သားတပ်ဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၂ ရက် နေ့ ညနေ ၆နာရီဝန်းကျင်တွင် ထိုင်းနယ်စပ် ကျေးရွာများသို့ ရောက်ရှိ လာ ကြောင်း၊ အဆိုပါအကြမ်းဖက်စစ်သားများသည် လေးတောခို ကျေးရွာ ဘေးပတ်ပတ်လည်တွင် စခန်းချခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ-မြန်မာနိုင်ငံ နယ်စပ်၊ ထိုင်းပိုင်နက် တက်ခ့်ခရိုင်ထဲသို့ မြန်မာစစ်သား အများအပြား ဝင်ရောက်နေမှုအပေါ် သေသေချာချာ စုံစမ်းစစ်ဆေးပေးရန် Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ထိုင်းအစိုးရကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ဓာတ်ပုံ- ထိုင်းနယ်မြေထဲရောက်ရှိခဲ့သည့် မြန်မာအကြမ်းဖက်စစ်သားများ။

