အုတ်ဖိုမြို့နယ်ရှိ တာဝါတိုင် စခန်းကုန်းအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ တာဝါတိုင် စခန်းကုန်းအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ၏ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ “ကျားကြီး” စစ်ကြောင်းက တပ်ဆွဲထားသော တာဝါတိုင် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရန် အကြမ်းဖက် စစ်တပ်က အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုး ခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝါတိုင် စခန်းကုန်းကို စစ်ကြောင်းထိုး တက်လာသည် သတင်းကို တော်လှန်ရေး တပ်ဖွဲ့များ ကြိုတင်သတင်းရရှိခဲ့သောကြောင့် ကိုင်းချိုကြီးရွာအနီး မိုင်းကွင်းအတွင်း ဝင်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ၈လုံးတွဲဖြင့် စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ဘက်မှလည်း ၄၀ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့် တာဝါတိုင်ကုန်းကို ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စစ်ကြောင်းကို ၄၀ မမ ၃ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ မိုးသည်းထန်စွာ ရွာသွန်းလာသောကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝိုင်းရဲကင်းကို တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။