26 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟို က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက်မှ ၁၂ ရက်နေ့အထိ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ခမရ−၄၃၉၊ ခလရ−၆၀နှင့် ခလရ−၂၀၇များက ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ၁၉ ကြိမ်ပစ်ခတ်ခဲ့သည့်အတွက် ဒေသပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်အတွင်း ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်မှ သစ်ချဆိပ်ရွာ၊ တိုင်ပေါ်ရွာ၊ ဟော်ခိုဂေါရွာ၊ ကရင်မျက်ရဲရွာ၊ ဗမာမျက်ရဲရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း နေအိမ် ၅ လုံး၊ စပါးကျီ ၂ လုံး၊ နွားတဲ ၂ လုံး နှင့် ဆိုင်ကယ် ၄စီး တို့မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ အဆိုပါ စာရင်းများမှာ အသေးစိတ် စာရင်းများမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်မှ ကျေးရွာများအတွင်း ဆက်လက်တပ်စွဲထားသောကြောင့် ထိခိုက်ပျက်စီးမှုစာရင်း အသေးစိတ်ကိုမူ ကောက်ခံ၍ မရနိုင်သေးကြောင်း သိရှိရသည်။

ရွှေကျင်မြို့နယ်အတွင်းတွင်လည်း ရွှေကျင်မြို့ပေါ်သို့ ဈေးတက်ဝယ်ပြီး ပြန်လာသည့် ဝိုင်ကျွန်းရွာသားကို အကြမ်းဖက်စစ်တပ်၏ ပုဇွန်းမြောင်းဂိတ်မှ စစ်သားများက ဖမ်းဆီးခဲ့၍ လူကို ပြန်လွှတ်ပေးခဲ့သော်လည်း စားသုံးဆီ ၅ ဖာ၊ ဓါတ်ဆီ ၅ ဂါလန်၊ ဆန် ၁ အိတ်၊ ဆိုင်ကယ် ၁ စီး နှင့် ပိုက်ဆံ ၃ သောင်းကို အတင်း အဓမ္မသိမ်းယူခဲ့ကြောင်း၊ ထို့ပြင် အောပလားရွာသား ကိုဇေယျာဝင်းကိုလည်း အကြမ်းဖက်စစ်တပ်၏ ငှက်ပျောတောဂိတ်မှ ဖမ်းဆီးစစ်ဆေးကာ ပြန်လွှတ်ပေးခဲ့သော်လည်း ငွေ ၁ သိန်းနှင့် ဖုန်းကို သိမ်းယူခဲ့ကာ နောက်တစ်နေ့မှသာ ပစ္စည်းများ ပြန်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article