ကြာအင်းဆိပ်ကြီးရှိ တံခွန်တိုင်ခလယ်ကျေးရွာအုပ်စုကို စစ်တပ်က လေကြောင်း ပစ်ကူများဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တံခွန်တိုင်ခလယ်ကျေးရွာအုပ်စုကို စစ်တပ်က လေကြောင်း ပစ်ကူများဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း နဂါးနီစစ်ကြောင်းတပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ခလယ်ကျေးရွာအုပ်စုရှိ မြို့ဟောင်းရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ပြီး မြေပြင်မှလည်း အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
” ခလယ်တံခွန်တိုင်ဘက်ကို စစ်ခွေးတွေက လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေတာ ကျေးရွာနေ ပြည်သူတွေ လည်း စစ်ဘေးရှောင်နေရတယ်။ နှစ်ဘက် တိုက်ပွဲတွေ အခုထိ မငြိမ်သေးဘူး” ဟု နဂါးနီစစ်ကြောင်းတပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ခလယ်တံခွန်တိုင်ဘက်ကို အင်အား ၂၀၀ ဖြင့် ထိုးစစ်ဆင် ဝင်ရောက်သည့် အပြင် လေကြောင်း ပစ်ကူများဖြင့်ပါ ပစ်ခတ် နေသောကြောင့် နဂါးနီစစ်ကြောင်းနှင့် KNLA ပူးပေါင်းအဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေရကြောင်း၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။