မြိုင်တွင် စစ်တပ်က ၃ ရက်တာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများဖြစ်ပွား၊ စစ်တပ်က PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ် ဖြတ်ခဲ့
■ စစ်တပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိနိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၆
မကွေးတိုင်းမြိုင်မြို့နယ်တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှ ယနေ့ စက်တင်ဘာ လ ၁၆ ရက်နေ့ အထိ စစ်တပ်က ၃ ရက်တာ စစ်ကြောင်းထိုးစဉ် တိုက်ပွဲများ ဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကပြော ဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်း မြိုင်မြို့နယ် တောင်ဘက် စက်မှု ၂ မှ အင်အား ၂၀၀ ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဝက်ပုတ်ရွာနှင့် မြိုစိုးရွာတောင်ဘက်တွင် တိုက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းက ဝါးကြီးတော ကျေးရွာ အနီးတွင် မြိုင်ပကဖမှ ရဲဘော်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး မီးရှို့သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါစစ်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ် ခတ်၍ မြိုစိုးကျေးရွာသို ထပ်မံဝင်ရောက်လာရာ မြိုစိုးကျေးရွာမှ ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ မြိုစိုးကျေးရွာသိုရောက်ရှိစဥ် စစ်သားများက ကျေးရွာမှ ပစ္စည်းများယူဆောင်ခြင်း ကြက်၊ဝက်များ ဖမ်းဆီး သတ် ဖြတ်စားသောက်ခြင်း ဆောင်ရွက်နေသဖြင့် ရော့ကတ် ၆ လုံးခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်အစော ၃ နာရီအချိန် မြိုစိုးကျေးရွာမှ အရှေ့ဘက်သို့ စစ်တပ်စစ်ကြောင်းက ထွက်ခွာလာပြီး သက္ကယ်ကန် ရွာအနီး ဆယ်ဘောင်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ၅ မိနစ်ကျော်ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ၏ စာသင် ကျောင်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီကျော်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး၉ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ဒဏ်ရာ ရရှိနိုင်ကြောင်း၊ သက္ကယ်ကန်ကျေးရွာအနီးရောက်ရှိစဥ် ပေပါမိုင်း ၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာတွင် ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် သက္ကယ်ကန်ကျေးရွာမှ ဆားထုံးကြွယ် ကျေးရွာသို့ ထပ်မံထွက်ခွာလာသော စစ်ကြောင်းကို တိုက်မိုင်း ၃ လုံးဖြင့် တိုက်ခိုက် ရာ ထိခိုက်ဒဏ်ရာရရှိမှုရှိနိုင်ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီ အချိန်ခန့် တွင် မြိုင်မြိုအနောက်ဘက် ကိုးဆောင်ဘုန်းကြီးကျောင်းသို့ စစ်သား များ အချင်းချင်း တွဲခေါ်၍ မြို့တွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် စစ်တပ် က မြိုင်မြို့ မြောက်ဘက် ကန်ကြီးတောအနောက်ရွာသို စစ်ကြောင်း ထိုးလာစဥ် ဖမ်းဆီးခေါ်ဆောင်လာသော ပြည်သူ ၂ ဦးအား သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း၊ လမ်းတလျှောက်တွင် ပခုက္ကူခရိုင် PDF တပ်ရင်း ၂၊ ၆ ၊ ၇ အပါအဝင် ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ်မျှ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အကြီးအကဲတစ်ဦး သေနတ်ထိမှန်ခဲကျသွားပြီး ကျန် ၄ ဦး လည်း ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ယင်းစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ အသုံးပြု၍ ဗုံး ၄၈ လုံးခန့် ဖြုတ်ချတိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိနိုင် ကြောင်း၊ စစ်ကြောင်းက ကန်ကြီးတောရွာတွင် နားခိုနေစဥ် မြိုင်မြို့ ဘက်မှ ၆၀ မမ၊ ၈၀ မမများဖြင့် ပစ်ကူပေးနေသဖြင့် တော်လှန်ရေးတပ် ဖွဲ့များက ရော့ကတ် ၁၈ လုံးခန့် နေရာစုံမှ ပြန်လည် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထိုမှသာမြိုင် မြို့တွင်းမှ စစ်တပ်က ထပ်မံပစ်ခတ် တိုက်ခိုက် ခြင်း မရှိတော့ဘဲ ငြိမ်သက်သွားကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန် စစ်တပ်စစ်ကြောင်း က ကန်ကြီးတောရွာမှ အင်းရောင်းရွာ ၊ပေါက်ပြင်းရွာဘက်သို့ ပြန်လည် ထွက်ခွာ သွားပြီး လှည့်ပတ် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သော ပြည်သူ ၂ ဦး။

