ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြည်သူ ၃ ဦးသေကာ ၈ ဦး ဒဏ်ရာအပြင်းအထန်ရ
ရန်ကုန်၊ စက်တင်ဘာ ၁၇
မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြင်သားရွာကို အကြမ်းဖက်စစ်တပ် လက်အောက် ခံ ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူ ၃ ဦး သေပြီး ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများ နှင့်ဒေသ သတင်း ရင်းမြစ်က ပြောသည်။
စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်း ပျူစောထီးများက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ ပြည်သူ ၃ ဦး သေဆုံးကာ ၈ ဦးပြင်းပြင်းထန် ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သော ပျူစောထီး များမှာ မြောက်ခရမ်းရွာမှ ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ် ခြင်း ဖြစ်ကြောင်း Kawlaw info တာဝန်ရှိသူက ပြောကြားသည်။
“မြောက်ခရမ်းက ပျူတွေ အထိနာလို့ လက်နက်ကြီးတွေနဲ့ ရမ်းထုတာ။ တိုက်ပွဲမရှိဘူး ရမ်းပစ်တာ ။ ၃ ဦး သေပြီတဲ့ ၈ ဦး ဒဏ်ရာပြင်းတယ်” ဟု Kawlaw info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြားသည်။
ပျူစောထီးများ ပစ်ခတ်သော လက်နက်ကြီးသည် မြင်သားကျေးရွာမှ ပြည်သူ ပိုင် နေအိမ်၃ လုံးပေါ်သို့ကျကာ စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
