မူဆယ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် မူဆယ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မူဆယ်မြို့နယ်၊ ဝိန်းနန်းရွာဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
” မူဆယ် တစ်ဝိုက် လက်နက်ကြီးတွေ ပစ်ခတ်နေတာ ကြားနေရတယ်။ စပစ်တာကာ နံနက် ၁၀ နာရီလောက်ကနေ စပစ်တာ အချက်ရေ တော်တော်များတယ်။ ညနေပိုင်းထိကို ပစ်သံတွေ ကြားနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဆုတောင်းပြည့်တောင် အနီးမှ နေ၍ ဝိန်းနန်းရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
