ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပင်းတယမြို့ စည်ပင်ရုံးရှေ့၌ ဗုံးပေါက်ကွဲ ၊ တနင်္သာရီ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာလ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ပင်းတယမြို့ရှိ စည်ပင်ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဒေသနေပြည်သူများမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီခန့်က ယင်းတမြို့၊ စည်ပင်ရုံးရှေ့၌ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုကို မသိရှိရသေးကြောင်း၊ အဆိုပါစည်ပင်ရုံးမှာ ပင်းတယမြို့ အထက် တန်းကျောင်း အနီး၌ ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၊ လက်အောက်ခံ ပြည်သူ့စစ်များမှ လမ်းပိုင်း ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်းသိရသည်။
“အသံကတော့အတော်ကျယ်၊ ပင်းတယ စည်ပင်ရုံးရှေ့မှာ မိုင်းကွဲတာ၊ ထိခိုက်မှုတော့ မရှိလောက်ဘူး ထင်တယ်၊ ဘာသံမှတော့ မကြားမိဘူး၊ ပင်းတယမြို့မှာ ပထမဆုံးဗုံးကွဲတာပဲ၊ နောက်ထပ် ဆက်တိုက် ဖြစ် လာမလား စိုးရိမ်ရတယ်၊ စည်ပင်ရုံးက အထက်တန်းကျောင်းနဲ့တော့ နီးတယ်၊” ဟု ပင်းတယမြို့ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအတွင်းသို့ လက်နက်ကြီများ ဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရ လူနာများကို နာရေးကား ၂ စီးဖြင့် သယ်ဆောင် သွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန် တပ်ရင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို အရေးပေါ်လူနာတင်ယာဉ် ၂ စီးဖြင့် မြိတ် မြို့သို့သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် ခမရ ၅၅၆ တပ်ရင်းသည် ဇဝဲလမ်းဆုံ၌ ဂိတ်ချထားပြီး ခရီးသွားပြည်သူများ ထံမှ အဓမ္မငွေကြေးတောင်းခံနေသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့်ရက်ပိုင်းက KNLA တပ်မ ဟာ ၆ နယ်မြေတွင် စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ သည့်တပ်ရင်း ဖြစ်သည် ဟု ဆိုသည်။
ခရီးသွားပြည်သူများအနေဖြင့် တနင်္သာရီမြို့နယ်အတွင်း ခရီးသွားလာရာတွင် ပြည်သူ့ကာကွယ်ရေး အ ဖွဲ့များမှ ထုတ်ပြန်ထားသည့် သတိပြုရန်အချက်များကို လိုက်နာဆောင်ရွက်ပေးကြပါရန် တနင်္သာရီ တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။