30 C
Yangon

KNU ဝင်းရေးနှင့် ကျိုက်ထို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

KNU ဝင်းရေးနှင့် ကျိုက်ထို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၀

KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးကာ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးသွားကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့နယ်ရှိ တံခွန်တိုင် ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကျိုက်ထို တပ်မ ၄၄ လက်အောက်ခံ ခလရ-၂ ၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်) ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ BGF တပ်ရင်း ၁၀၂၁ ၊ BGF တပ်နယ် ၃ စသည့် စစ်ကြောင်းကို KNLA – တပ်ရင်း ၁၆ ၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်က စတင်ပြီး ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး လာသည့်အတွက် ဝင်းရေးမြို့နယ် ခလယ်အုပ်စု နှင့် တံခွန်တိုင်ကျေးရွာအုပ်စု ပြည်သူ ၁ သောင်းကျော်ခန့်သည် နေအိမ်များကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင် ပြည်သူများ၏ ကျေးရွာအတွင်း နေရာယူ တပ်စွဲထားကာ ပြည်သူပိုင် အိုးအိမ်များကို ဝင်ရောက် ဖျက်ဆီးခြင်း၊ အိမ်တွင်းရှိ ပစ္စည်းမှန်သမျှ မွှေနှောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက် မှ စက်တင်ဘာလ ၁၈ ရက်နေ့ထိ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အိမ်​​ခြေပေါင်း ၅၀ ဝန်းကျင်ခန့် ထိမှန် ပျက်စီးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ဝင်းရေးမြို့နယ်၊ ခလယ်ကျေးရွာ ရပ်ကွက် ၂ နေ စောတင်ထူးအောင် ၄၀ နှစ်သည် ၎င်း၏ နေအိမ်၌ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး​ ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် KNLA – ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများ​ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် ပြည်သူများသည် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းနေမှုများကြောင့် နေရာထိုင်ခင်းများအတွက် အမိုးအကာများ လုံလောက်မှု မရှိသည့်အပြင် စစ်ဘေးရှောင် စခန်းများမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ၏ စားဝတ်နေရေးအတွက် ရိက္ခာများ၊ ကျန်းမာရေးဆိုင်ရာအတွက် ဆေးဝါးများနှင့် ကုသမှုများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စောင်နိုင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကလောရွာ အတွင်း လာရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အမှတ် ၆၀၂ အမြောက် တပ်ရင်း ဂိတ်စခန်း တပ်ဖွဲ့ဝင်များ စောင်နိုင်ကြီးကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article