28 C
Yangon

ရသေ့တောင်မှ ကျောင်းဆရာမ အသတ်ခံရမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသည့် သံသယ တရားခံတစ်ဦး လွတ်မြောက်သွားဟုဆို

Must read

ရသေ့တောင်မှ ကျောင်းဆရာမ အသတ်ခံရမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသည့် သံသယ တရားခံတစ်ဦး လွတ်မြောက်သွားဟုဆို

ရန်ကုန်| စက်တင်ဘာ ၂၃

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက ကျောင်း ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (ULA/AA) က သံသယတရားခံ ၄ ဦးခန့်ကို ဖမ်းဆီးထားပြီး ယင်းအထဲက သံသယတရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။

ထွက်ပြေးလွတ်မြောက်သွားသူမှာ ဆရာမနှင့် တစ်ရွာတည်းနေ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆရာမ အသတ်ခံရပြီး နှစ်ရက်အကြာတွင် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ကျွန်းပေါ်ပေါက်တောရွာသို့ သွားရောက် ဖမ်းဆီးခဲ့သည်ဟု ခိုင်မာသည့် ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆရာမ မိသားစုဝင်များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက အတည်ပြု ပြောသည်။

“အိမ်သာသွားရာမှာ ထွက်ပြေးသွားတယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က သတင်း ရတယ်။ ထပ်ပြီးစုံစမ်းလိုက်တော့ မနေ့က အတည်ပြုချက်ရပါတယ်။ ထွက်ပြေး သွားတာက သေချာသွားပါပြီ။ အခုအမှုက အဓမ္မပြုကျင့်ပြီး ရက်ရက် စက်စက် လူသတ်တဲ့အမှုပါ။ တစ်ပတ်ကြာလာတဲ့တိုင် အမှုနဲ့ပတ်သက်လို့ ပြည်သူတွေ အသိပေးတာမရှိဘူး။ သံသယတရားခံလည်း ထွက်ပြေးလွတ် မြောက် တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ပြည်သူတွေ သက်ဆိုင်တဲ့ သူတွေက အမြန်ဆုံးထုတ်ပြန်ပေးစေချင်ပါတယ် ” ဟု ပြောသည်။

တရားခံထွက်ပြေးလွတ်မြောက်အောင် အမှုကို စစ်ဆေးနေကြသည့် တပ်ဖွဲ့ဝင် တချို့က ကူညီအားပေးခြင်းနှင့် လေယာဉ်လက်မှတ် ကြိုတင်ခံကာ စစ်တွေမြို့ မှတစ်ဆင့် ရန်ကုန်၊ ရန်ကုန်မြို့မှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ ထွက် ပြေးသွားသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် သံသယတရားခံ အမျိုးသားမှာ ကျွန်းပေါ် ပေါက်တောကျေးရွာ၌ ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းထဲက ဖြစ်ကြောင်းနှင့် ULA ၏ ရန်ပုံငွေရှာဖွေရေးအပါအဝင် ထောက်ပံ့ရေးလုပ်ငန်းစဉ်များထဲတွင် ပါဝင်သူတစ်ဦးလည်းဖြစ်ကြောင်း ဆရာမ အသိုင်းအဝိုင်းက အတည်ပြု ထားသည်။

တရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည်ကို ရသေ့တောင်မြို့နယ်ရှိ ULA/AA မှ တာဝန်ရှိသူအချို့နှင့် အခြားမြို့နယ်များမှ ရက္ခိုင့်တပ်တော်၏ စစ်ဒေသမှူးအချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် အတည်ပြု ထားပြီး မည်သူမည်ဝါဆိုသည်ကိုမှု ပြောဆိုခြင်းမရှိပေ။

ဆရာမ အသတ်ခံရမှု ဖြစ်စဉ်ထဲတွင် ကျွန်းပေါ်ပေါက်တောကျေးရွာ အုပ်ချုပ် ရေး မှူး သားလည်း ပါဝင်သည်ဟုဆိုကာ ရက္ခိုင့်တပ်တော်က သံသယ တရားခံ စာရင်းထဲ ထည့်သွင်းထားကြောင်း သိရသည်။

တရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်ခြင်းအပါအဝင် ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရသည့် အမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA ဘက်က ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ပေးခြင်းမရှိသေးပေ။

ဆရာမ ဒေါ်နှင်းယုနွယ်အသတ်ခံရသည့်အမှုကို ရသေ့တောင်မြို့နယ် ဖက်လိပ် ကျေးရွာရှိ ရက္ခိုင့်တပ်တော် တရားရုံးနှင့် စခန်းက တာဝန်ယူဖြေရှင်းနေ ခြင်းဖြစ် ပြီး ယနေ့တွင်လည်း အလောင်းရရှိခဲ့သည့် နေရာသို့ သွားရောက် စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံ မျက်မြင်တစ်ဦးက ပြောသည်။

“အခင်းဖြစ်ပွားရာနေရာအနီးအနားက ဒီနေ့နေ့လယ်က ဖြတ်သန်းသွားခဲ့ရာမှာ တွေ့ခဲ့တာပါ။ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ တရားသူကြီးတွေ၊ အမှုစစ် တဲ့သူ တွေကို တွေ့ခဲ့ရပါတယ်။ သဲလွန်စတွေ လာရှာတာလို့ သိရပါတယ် ” ဟု ပြောသည်။

ပန်းဖော်ပြင်ကျေးရွာနှင့် ကျွန်းပေါ်ပေါက်တောကျေးရွာတို့အနီးတွင် ရက္ခိုင့် တပ်တော်မှ တပ်စခန်းရှိပြီး အဆိုပါစခန်းက သံသယတရားခံများကို ဖမ်းဆီး ကာ ဖက်လိပ်တရားရုံးတော်က ကိုင်တွယ်ဖြေရှင်းနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ဆရာမ ဒေါ်နှင်းယုနွယ်မှာ မိမိကျေးရွာ ကျွန်းပေါ်ပေါက်တောကျေးရွာကနေ ပန်းဖော်ပြင်ကျေးရွာ အလယ်တန်းကျောင်းသို့ စာသင်ရန်သွားရောက်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့က ပန်းဖော်ပြင်ကျေးရွာနှင့် သုံးဖာလုံအကွာ လမ်းဘေးတွင် ကျောင်းဝတ်စုံ ဖရိုဖရဲပုံစံဖြင့် အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြသည်။

ဆရာမ ရုပ်အလောင်းကို ပန်းဖော်ပြင်ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆရာမ မှာ အသတ်မခံရမီက အဓမ္မပြုကျင့်မှုပါ ခံခဲ့ရနိုင်ကြောင်း ဒေသခံများက သုံးသပ်ထားကြသည်။

ကျွန်းပေါ်ပေါက်တောကျေးရွာနှင့် ပန်းဖော်ပြင်ကျေးရွာသည် တစ်မိုင်ခန့် ဝေး ကွာ ပြီး ဆိုင်ကယ်စီးပြီး သွား၍ရသည့် မြေသားလမ်းဖြင့် ဆက်သွယ် ထား သည့် ရွာချင်းဆက်ကျေးရွာများဖြစ်သည်။

အဆိုပါကျေးရွာနှစ်ရွာကြား မြေသားလမ်း ဝဲယာ၌ လယ်ကွင်းပြင်ကြီးနှင့် တဲ အိမ် တစ်ဆောင်ရှိပြီး တာ (ဒေသအခေါ် ကမ်းပိုင်) အဖြစ်ပြုလုပ်လေ့ရှိသည့် ချောင်း ငယ်တစ်ခုရှိသည်။

ဆရာမ ဒေါ်နှင်းယုနွယ် ရုပ်အလောင်းကို တွေ့ရှိခဲ့သည့်နေရာသည် ချောင်းငယ် နှင့် ပေ ၃၀၀ ခန့်သာ ဝေးကွာကြောင်း စုံစမ်းသိရသည်။

ဆရာမမှာ အစိမ်းသေ (ဒေသအခေါ်) သေသွားသည့်အတွက် အလောင်းကို ချက်ခြင်း မီးသင်္ဂြိုဟ်လိုက်ခြင်းကြောင့် ရက္ခိုင့်တပ်တော် စုံစမ်းရေးအဖွဲ့မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် သဲလွန်စရှာဖွေရေးနှင့် ဖြစ်စဉ်အမှန်ရှာဖွေခြင်း မှာ ခက်ခဲနေပြီး ၇ ရက်ကြလာသည်တိုင် တရားခံအစစ်အား ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အထက်ပါ အကြောင်းအရာ အမှုကိစ္စများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်က အဓိကတာဝန်ရှိသူများ၊ ပန်းဖော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျွန်းပေါ် ပေါက် တောကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ် မေးမြန်းသော်လည်း တုန့်ပြန် ဖြေကြားမှု တစ်စုံတစ်ရာမရှိပေ။

ဆရာမ၏ မိသားစုဝင်များကိုလည်း ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခွင့်မရှိ ၍ အဆက်အသွယ် မရရှိခဲ့ပေ။ စစ်မှန်သော တရားခံအား သိရှိ ဖမ်းမိရပါက ကြီးလဲသောပြစ်ဒဏ် သို့မဟုတ် သေဒဏ်အထိ ပေးရန် ရခိုင်ပြည်အတွင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ လူမှုအသိုင်းအဝိုင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံးက တောင်းဆိုနေကြသည်။

ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ရဲတပ်ဖွဲ့၊ ပညာရေးဌာနနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက မည်ကဲ့သို့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေသည်ကို မသိရှိရသေးပေ။

ဒေသခံများပြောဆိုချက်အရ ရက္ခိုင့်တပ်တော် ULA/AA မှ တာဝန်ယူဖြေရှင်း ဆောင်ရွက် နေသောကြောင့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းမှု မရှိခြင်းဟု ပြောဆိုနေကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article