ကြာအင်းဆိပ်ကြီးတွင် စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်၊ ကွတ်ခိုင်တွင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခလယ်တံခွန်တိုင်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ စစ်သားများက ခလယ်ရွာ ရပ်ကွက် ၂ တွင် နေထိုင်သည့် အသက် ၅၂ နှစ် အရွယ် စစ်ဘေးရှောင် ပြည်သူ ဦးထွေးနိုင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူ ဦးထွေးနိုင်သည် ခလယ်ရွာရှိ ၎င်းနှင့် အမျိုးတော်စပ် သူ တစ်ဦးက မွေးထားသည့် ဝက်များကို အစာပြန်ကျွေးနေစဥ် အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ခြေထောက်၊ လက် နှင့် လည်ပင်းကိုကြိုးများဖြင့် တုတ်နှောင်ကာ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဦးထွေးနိုင်ကို အကြမ်းဖက် စစ်တပ်က စစ်ဆေးမေးမြန်း ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းမှ ချည်ထားသောကြိုးဖြင့် ဆွဲခေါ်သွား၍ ရွာအပြင်ဘက် တစ်နေရာ၌ ၎င်းအား ချန်ထားခဲ့ကြောင်း သိရှိရသည်။
ဦးထွေးနိုင်ကို ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ဘေးရှောင်တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရစဥ် ရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
KNU တပ်မဟာ ၆ အတွင်း လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူလူထုများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူပိုင် အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများအား နေ့စဥ်နဲ့အမျှ ကျူးလွန်လျှက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက် ဖြတ်လိုက်ရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နမ့်ဖက်ကာ ရပ်ကွက် ၂ တွင်နေထိုင်သည့် တရုတ် လူမျိုး အမျိုးသား ၁ ဦးသည် စစ်ကောင်စီ၏ နမ့်ဖက်ကာ ၁၂၃ တပ်စခန်းအနီးရှိ ဗြုံးတောင်ကို သွားရောက်စဥ် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ဘယ်ဘက် ခြေထောက် တစ်ဖက် အရိုးများ ကြေမွကာ ဖြတ်တောက်လိုက်ရကြောင်း သိရသည်။