33 C
Yangon

ပုလဲတွင် အသက် ၇၀ အရွယ် အဖိုးအို ၁ ဦး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံး၊ ဖရူဆိုတွင် နေရပ်ပြန်လာသည့် စစ်ရှောင် ၁ ဦး စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံး

Must read

ပုလဲတွင် အသက် ၇၀ အရွယ် အဖိုးအို ၁ ဦး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံး၊ ဖရူဆိုတွင် နေရပ်ပြန်လာသည့် စစ်ရှောင် ၁ ဦး စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အသက် ၇၀ အရွယ် အဖိုးအို ၁ ဦး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပုလဲမြို့နယ်၊ ပန်းရွာမှ အသက် ၇၀ အဖိုးအို ဦးပြောင်းသည် စစ်ဘေး တိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ဦးပြောင်း၏ ရုပ်အလောင်းကို ပုလဲဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ညအချိန် စစ်ကြောင်းဝင်ရောက်မည်ကို စိုးရိမ်သည့်အတွက် ညတွင်းချင်း ကောင်းမွန်စွာ မြေမြှုပ်သဂြိုလ်ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိချိန်တွင် ပုလဲမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်နေသော​ကြောင့် ဘုန်းတော်ကြီးများပါ စစ်ဘေးရှောင်တိမ်းနေရသည့်အတွက် ဦးပြောင်းကို သရဏဂုံတင်ရန် ဆရာတော်များ မကြွရောက်နိုင်သည့်အတွက် သရဏဂုံ မတင်ဘဲ သဂြိုလ်လိုက်ရကြောင်း သိရှိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် နေရပ်ပြန်လာသည့် စစ်ရှောင် ၁ ဦး အကြမ်းဖက် စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိပြီး သေဆုံးခဲ့​ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် လောကျေခူရွာဟောင်း ကျေးရွာအတွင်းကို ပြန်လာသည့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် ရွာအတွင်း ပြန်လည် ဝင်ရောက်စဥ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်ထွက် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောကျေခူရွာဟောင်း ကျေးရွာကို စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ ၇ ရက်ကြာ တပ်စွဲသွားခဲ့ပြီး ကျေးရွာအတွင်း မိုင်းများ နေရာအနှံ့ ထောင်ထားခဲ့ကာ ထိတွေ့တိုက်ပွဲများလည်း ဖရူဆို – ဘောလခဲ လမ်းမကြီး တစ်လျှောက် ယနေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်စွဲဝင်ရောက်ခဲ့သော ကျေးရွာများအတွင်း မြေပြင် အခြေအနေအရ မိုင်းများ ရှင်းလင်းခြင်း ၊ နယ်မြေရှင်းလင်းခြင်းများ မပြုလုပ်နိုင်သေးပဲ တိုက်ပွဲများလည်း ဆက်၍ ဖြစ်နေသည့် အခြေနေများကြောင့် ဒေသခံပြည်သူများ အနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ခြင်း ၊ နေအိမ်ပြန်ကြည့်ခြင်းများ လုံးဝမပြုလုပ်ကြရန် KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article