ရှေ့တန်းတွင် တိုက်ခိုက်ရေး စစ်သားများ သေဆုံးမှုများပြားလာသည့်အတွက် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ ဝင်များကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၉
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှေ့တန်းတွင် တိုက်ခိုက်ရေးစစ်သားများ သေဆုံး ထိခိုက်မှု များ များပြားလာသောကြောင့် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်ပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်မှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆို သည်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း ရှေ့တန်းသို့ တိုက်ခိုက်ရေး စစ် သားအများအပြား စေလွှတ်ရသည့်အတွက် လက်ရုံးတပ်များဖြစ်သည့် ကပစတပ်၊ အင်ဂျင်တပ်၊ ဆေးတပ်များကို မြို့လုံခြုံရေးအတွက် အသုံးပြုခဲ့ကြောင်း၊ သို့ရာတွင် စစ်သားများ တိုက်ပွဲများတွင် သေဆုံးခြင်း၊ တပ်မှ ထွက်ပြေးခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း အပါအဝင် စစ်သား အင်အား ပြုန်းတီးမှု မြင့်မားနေကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစတင်၍ လအလိုက် စစ်သား အင်အား ပြုန်းတီးမှု ရာခိုင်နှုန်း တအိအိတက်လာကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းသည် လအလိုက် မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား အတက်အကျရှိခဲ့ကြောင်း၊ အာဏာသိမ်းကာလ ၂ နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်းတီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့်မားလာကြောင်း၊အင်အားပြုန်းတီးမှု ရာခိုင်နှုန်း အနိမ့်ဆုံး ကိန်းဂဏန်း ၂ လုံးကျော်ဆိုသည်မှာ တစ်နိုင်ငံလုံးရှိ စစ်သားအင်အား ထောင် သောင်းချီ သေဆုံးခြင်း၊ ထွက်ပြေးခြင်း၊ တပ်မှ ထွက်ခွင့်ရခြင်း၊ CDM လုပ်ခြင်း များ ပါဝင်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်ရေး စစ်သားများ ဆုံးရှုံးမှုများ ပြားလာသည့်အတွက် လက်ရုံးတပ်များကိုပါ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်လာရပြန်ကြောင်း၊ သို့သော်လည်း စစ်မျက်နှာပြင် အများအပြားတွင် လက်ရုံးတပ်များမှ စစ်သားများပါ အရေးနိမ့်သေဆုံးမှုများပြားလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်မှ ထွက်ပြေးသည့် စစ်သားအရေအတွက်မှာလည်း နေ့စဉ် စံချိန်တင် များပြားလျက်ရှိသဖြင့် ယခုနောက်ဆုံးတွင် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များကို စစ်ဝတ်စုံများ ထုတ်ပေး၍ ရှေ့တန်းသို့ စေလွှတ်နေရကြောင်း သိရှိရသည်။
” စစ်သားတွေ သေတာတွေ၊ ထွက်ပြေးတာတွေ များတော့ ပထမတစ်ခါ ကုစားတာကတော့ လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ ကပစတပ်တွေ၊ GE တပ် စတာတွေကို မြို့လုံခြုံရေးယူခိုင်းပြီးတော့ မြို့ပေါ်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်တွေကို ရှေ့တန်းကို ပို့ပါတယ်။ အဲဒါလည်း သေဆုံးတာတွေ များလာတော့ ဘာထပ်လုပ်လဲဆိုတော့ မြို့ပေါ် လုံခြုံရေးယူထားတဲ့ လက်ရုံးတပ်တွေရဲ့ လက်မောင်း ဘက်တံဆိပ်တွေကို ခြေလျင်၊ခြေမြန်ဘက်တံဆိပ် လဲပြီး တပ်ခိုင်းရှေ့တန်း ထပ်ပို့တယ်။ အဲဒီလိုကုစားရင်း စစ်သားကနည်းသထက်နည်းလာတဲ့အတွက် အခု ဒုတိယကုစားနေတာကတော့ ရဲတပ်ရင်းတွေက ရဲတွေကို စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး ရှေ့တန်းထွက်ခိုင်းတယ်။ ပြောရရင် ရယ်စရာကြီးပေါ့။ အရင်က တပ်ကကောင်တွေက ရဲဘက်ကိုပြောင်းတာ။ အခုဟာက ရဲကနေ တပ်ကိုအယောင်ဆောင်ခိုင်းနေတာ။ တပ်ထဲကိုပြောင်းခိုင်းတာမဟုတ်ဘူးနော်။ အယောင် ဆောင်ခိုင်းတာ။ စစ်သားယူနီဖောင်းဝတ်ခိုင်းတယ်။ ရှေ့တန်းထွက်ခိုင်းတယ်။ ဒါပေမယ့် လစာနဲ့ရိက္ခာကတော့ နဂိုအတိုင်းပဲ။ ရဲတွေကို အငှားသေခိုင်းနေတဲ့သဘောပဲ” ဟု စစ်ဘက် သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်။
ရဲတပ်ရင်းများမှ ရဲများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ရှေ့တန်း ပို့ဆောင်ရာတွင် ကရင်နီပြည်နယ်သို့ အမှတ် ၁၀ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းအတွင်းသို့ နေပြည်တော်အခြေပြု ရဲတပ်ရင်းများ ဖြစ်သည့် အမှတ် ၁၇ ၊ အမှတ် ၁၈ ၊ အမှတ် ၁၉ ရဲတပ်ရင်းများတို့မှ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း ကောင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဘက်သို့ ရန်ကုန်အခြေစိုက် ရဲတပ်ရင်းများဖြစ်သည့် အမှတ် ၃၊ အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၈ ၊ အမှတ် ၉ ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင် များကိုလည်းကောင်း စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ရှေ့တန်းတွင် အသုံးပြုနေကြောင်း သိရှိရသည်။
“အခုလကယားပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်ကို ထွက်နေရတာက ရဲတပ်ရင်း ၁၀ (ယခု အခေါ် ရတဖ)ပါ။ ရဲတွေအားလုံး စစ်တပ်ယူနီဖောင်းဝတ်ရတယ်။ နောက် ပဲခူးရိုးမပေါ်တက်ရတဲ့ ရတဖတွေ၊ နေပြည်တော်အခြေပြုတဲ့ ရတဖ ၁၇၊ ၁၈၊ ၁၉ တို့ဆိုရင်လည်း စစ်တပ်ယူနီဖောင်းဝတ်ရတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းဘက်တွေကို ထွက်ရတဲ့ ရတဖတွေလည်း စစ်တပ်ယူနီဖောင်းဝတ်နေရတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်း စစ်မျက်နှာပြင်မှာတော့ ရန်ကုန်က ရတဖတွေ အလှည့်ကျရှေ့တန်း ထွက်ရပါတယ် ရန်ကုန်မှာ ရတဖ ၆ ရင်းရှိပါတယ်။ရတဖ ၃၊ ၅ ၆၊ ၇၊ ၈၊ ၉ ရဲတပ်ရင်း တို့ပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များက စစ်တပ်ယူနီဖောင်းဝတ်ဆင်၍ ရှေ့တန်းမထွက်လိုကြကြောင်း၊ ငွေကြေးတတ်နိုင်သော ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်တချို့မှာ ငွေကြေးနှင့် လာဘ်ပေး၍ နေပြည်တော် ရဲဌာနချုပ်သို့ ပြောင်းရွှေ့ကြကြောင်း ၊ နေပြည်တော်ရဲဌာနချုပ်တွင် ရောက်ရှိနေ သော ရဲတပ်ဖွဲ့ဝင်များမှာမူ ရှေ့တန်း ထွက်စရာမလိုကြောင်း သိရှိရသည်။
“ရှေ့တန်း မထွက်ချင်တဲ့ ရဲတွေနဲ့ အရာရှိတွေက နရခ လို့ခေါ်တဲ့ နေပြည်တော်ရဲဌာနချုပ်ကို ငွေကြေးပေးပြီး ရအောင် ပြောင်းပြေးကြတယ်။ အခုဆိုရင် နေပြည်တော် ရဲဌာနချုပ် (နရခ) ကို စစ်ရှောင်စခန်းလို့တောင် ခေါ်ဝေါ်သုံးစွဲနေကြတယ်” ဟု စစ်ဘက်သတင်းရင်းမြစ် က ရှင်းပြသည်။
ရန်ကုန်ခေတ်သစ်၏ ကောက်ယူထားသော စာရင်းဇယာများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ ၃ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ သောင်းကျော်၊ ၄ သောင်းနီးပါး တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က တိုက်ခိုက်ရေး စစ်ရေး သင်တန်းများ ပို့ချနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)