ပုလဲမြို့ပေါ်တွင် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံး ၊ ရွှေကူဘက်သို့ တက်လာသော စစ်တပ်ရိက္ခာတင်သင်္ဘော ၂ စီးကို စောင့်ကြို တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ၂၉
စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်တွင် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ် ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံး သွား ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်တပ်က လည်း လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပုလဲ မြို့ထဲအထိတိုက်ပွဲဖြစ်တာ။ဒီနေ့တိုက်ပွဲဖြစ်တာဆိုရင် ရပ်ကွက်ထဲမှာ ကွမ်းယာရောင်းနေတဲ့သူတစ်ဦး ကျည်ထိမှန်သေဆုံးသွားတာရှိတယ်။ဘယ် ဘက်ကပစ်တာလဲဆိုတော့ စစ်ကောင်စီဘက်က ပစ်တဲ့ ၄၀မမ ကျည်ခွံ့ ပါပဲ။ သေတာက ပုလဲမြို့ပေါ် ထန်းသပင်ရပ်ကွက်၊ သဲတန်းကွမ်းယာဆိုင်က အသက် ၆၀ အရွယ် ခန့် ဒေါ်မာကြည်ပါ”ဟု ပုလဲမြို့ပေါ်မှ ပြည်သူ တစ်ဦးက ပြောဆို သည်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ပုလဲမြို့ပေါ်တိုက်ပွဲကို သွေးကြွေး ဆပ်တိုက်ပွဲအဖြစ်လုပ်ဆောင်တာခဲ့တာဖြစ်ကြောင်း ၊ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
*ဒီကောင်တွေက စက်တင်ဘာ၂၇ရက်နေ့မှာ ကျနော်တော်တို့ ရဲဘော် ၁ ဦးနဲ့အရပ်သား ၂ ဦးကို ညောင်ကုန်းရွာမှာ သတ်ဖြတ်တာတွေလုပ်သွားတယ်။အဲဒါကို ပြန်လက်စားချေနေတာဗျ။ ကျနော်တို့ အထူးအသေခံတပ်သားတွေနဲ့ ပုလဲမြို့ထဲက ထွေအုပ်ရုံးနဲ့ ရဲစခန်းကိုအလစ်ဝင်တိုက်ခဲ့တာ။ ခွေးတွေဘက်က ၂ကောင်ကတော့မျက်မြင် စိုးရိမ်ရလောက်တဲ့ဒဏ်ရာရ သွားတာမြင်လိုက် ရတယ်။ကျန်တဲ့အသေအဆုံးကတော့စုံစမ်းနေဆဲ။ စစ်ကောင်စီဘက်က ပြန်ပစ် လို့အရပ်သားပြည်သူတစ်ဦးသေဆုံးလို့ ကျနော်တို့အဖွဲ့တွေ နောက် ဆုတ် ပေးခဲ့ရတယ်။အထိအခိုက်တော့ တစ်စုံတစ်ဦးမှ မရှိခဲ့ဘူး” ဟု သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူကပြောဆိုသည်။
ပုလဲမြို့ပေါ် တိုက်ပွဲကိုပုလဲနယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ် ညီနောင်များနှင့် သခင်ဒေါင်းညိုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှ ရွှေကူမြို့နယ်ဘက်သို့ ဆန်တက် လာသော အကြမ်းဖက်စစ်တပ် ရိက္ခာ တင်သင်္ဘော ၂ စီးကို စောင့်ကြိုပြီး အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Myo Hla KPDF ထံမှ သိရသည်။
ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်အချိန် ကသာမြို့မှ စစ်ကောင် စီတပ် ရိက္ခာ တင် ရှပ်ပြေး သံခွန်သင်္ဘောအကြီး ၂ စီးသည် ခမရ ၄၁၆ တပ် ရင်းမှ တပ်သား အင်အား ၈၀ ခန့်ဖြင့် ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာကြောင်း၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ကပ္ပလိပ်ကျေးရွာအနီး ကျားကြီးကျွန်းရှေ့အရောက် KIA ၊ မြို့လှ K PDF ၊ ပကဖ တပ်ဖွဲ့ဝင် များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့ နံနက် ၁၀ နာရီခန့်အချိန် ရေနီကျေးရွာအနီးအရောက် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၅ မိနစ် တွင် မိုးတားကျေးရွာ တောင်ပေါ် ကျောင်း အနီးတွင် တစ်ကြိမ် မိုးတား ပကဖနှင့် နှစ်ကြိမ်တိတိ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ဆင်ကုန်တိုင်းကျေးရွာနီး KIA ၊ မြို့လှ KPDF ပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘော ၂ စီးသည် မင်းကျောင်းကုန်းရွာအရောက် မင်းကျောင်း ကုန်း ဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော ခမရ ၃၁၇ တပ်က ရှပ်ပြေး ယာဉ်ဖြင့် အင်အားဖြည့်ကာ ဆက်လက်ဆန် တက်ခဲ့ကြောင်း၊ သာယာ ကုန်းကျေးရွာအနီးတွင် မြို့လှ KPDF တပ်ရင်းက ထပ်မံတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်သင်္ဘောအကြီး ၂ စီး သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျောက်ကြီးရွာဘုန်းကြီးကျောင်း ဆိပ်ကမ်းသို့ ဆိုက် ကပ်ထားကြောင်း သိရသည်။
ကချင်ပြည်ယ်၊ ရွှေကူမြို့နယ်ဘက်တွင် အကြမ်းဖက်စစ်သားများ တပ်စုနေပြီး ရွှေကူမြို့နယ်အရှေ့ဘက် ခြမ်းသို့ ထိုးစစ်ဆင်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် စစ်ရေးသတင်းများ နားစွင့်ကာ နေထိုင်ကြ ရန်၊ စစ်သားများနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြရန် မြို့လှ K PDF က သတိပေးထား သည်။
