ပုလောတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး PDF ရဲဘော် ၁၀ ဦးကျဆုံး
ရန်ကုန်၊ စက်တင်ဘာ ၃၀
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာနှင့် လက္ကူးကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ များအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ မှ ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၁ ရက် နေ့က အင်အား ၃၀ ခန့်ဖြင့် ပိတပ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင်တပ်ရင်း ၁ တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ အရာရှိတစ်ဦးသေဆုံးပြီး ၄ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်းအကြမ်းဖက်စစ်သားများသည် ပိတပ်ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်များကို ရိုက်ချိုးဖျက်ဆီးကာ တန်းဖိုးရှိပစ္စည်းများ၊ အစား အသောက်များကို ခိုးယူသွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မြိတ်ခရိုင် တပ်ရင်း ၁ တပ်စုမှူး ဇင်ကို ကျဆုံးခဲ့ရသည်ဟု ဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် လက္ကူးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြိတ်ခရိုင်တပ်ရင်း ၁ မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်တပ်က အင်အား ထပ်မံဖြည့်တင်းကာ လက္ကူးကျေးရွာ အတွင်းသို့ ထပ်မံဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာဘုန်းကြီးကျောင်းတွင် စစ် ဘေးရှောင်နေသော ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ရာ စက်တင်ဘာလ ၁၈ ရက် နေ့အထိ တိုက်ပွဲကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စက်တင်ဘာလ ၁၇ ရက်နေ့၌ မြိတ်ခရိုင်တပ်ရင်း ၁ မှ ရဲဘော်မုန်တိုင်းနှင့် UG ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ မြဒေါင်းကျေးရွာ အတွင်းသို့ အလစ်အငိုက်ဝင်ရောက်ခဲ့သဖြင့် ထပ်မံတိုက်ပွဲပြင်းထန်ခဲ့ရာ လက်နက်ကြီးအင်အား၊ လူ အင်အားသာလွန်သော အကြမ်းဖက်စစ်တပ်ကို ခံစစ်စည်း ၃ ခုဖြင့် ခုခံခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ၆ ဦးနှင့် UG ရဲဘော်တစ်ဦးတို့မှ ဒုတိယခံစစ်စည်းသို့ ဆုတ်ခွာနိုင်ခြင်းမရှိပဲ နောက်ဆုံးကျည်ဆံအထိ ခုခံတိုက်ခိုက်ကာ တိုင်းပြည်နှင့်ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူသွားခဲ့ကြောင်း သိရ သည်။
အဆိုပါအကြမ်းဖက်စစ်သားများအား ဒုတိယ ခံစစ်စည်းအရောက် ခုခံပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တတိယခံစစ်စည်းအရောက် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ဖရိုဖရဲဖြစ်ကာ အထိနာပြီး ပလမြို့အထိ ပြန်လည် ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ ဦးခန့်ဒဏ်ရာရှိကာ မြိတ်ခရိုင်တပ်ရင်း ၁ မှ ရဲ ဘော် ၈ ဦး၊ UG ရဲဘော် ၂ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရ ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ပိတပ်ကျေးရွာ၊ မြဒေါင်ကျေး ရွာနှင့် လက္ကူးကျေးရွာအုပ်စုတို့မှ နေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။
