33 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဟောင်းအဖွဲ့ တွေ့ဆုံမှု KNU အတွင်း ရှုပ်ထွေးစေရန်နှင့် နားလည်မှု လွဲမှားစေရန် လုပ်ဆောင်

Must read

အကြမ်းဖက် မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဟောင်းအဖွဲ့ တွေ့ဆုံမှု KNU အတွင်း ရှုပ်ထွေးစေရန်နှင့် နားလည်မှု လွဲမှားစေရန် လုပ်ဆောင်

■ တရားမဝင် စစ်တပ်နှင့် နိုင်ငံရေးအရ ဆွေ့ဆုံဆွေးနွေးရန် လုံး၀ မရှိဘဲ တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNU ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၃

အကြမ်းဖက် မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဟောင်းအဖွဲ့ တွေ့ဆုံမှုသည် KNU အဖွဲ့ အတွင်း ရှုပ်ထွေးအောင် ပြုလုပ်နေပြီး တော်လှန်ရေး မဟာမိတ်အင်အားစုများအကြား နားလည်မှု လွဲမှားစေရန် လုပ်ဆောင်နေကြောင်း KNU က တရားဝင် ထုတ်ပြန်သည်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KNU ၏ ကြေညာချက်တွင် အချက် ၅ ချက် ပါဝင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့ KNU ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်အတူ KNU-CEC ဟောင်း ပဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တာဝန်မှ အနားယူ ထားသည့် ပဒိုစောရွှေမောင်တို့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံမှုသည် KNU နှင့်ပတ်သက်မှု လုံး၀(လုံး၀) မရှိကြောင်း သိရှိရသည်။

၁၇ ကြိမ်မြောက် KNU ကွန်ရက်အပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် First 100 Days : KNU in NEW ERA သတင်းစာရှင်းလင်းပွဲတွင်လည်း အာဏာသိမ်း စစ်တပ်သည် နိုင်ငံရေးအရ တရားဝင်သည့် စစ်တပ်မဟုတ်သည့်အတွက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် လုံး၀ မရှိကြောင်း အတိအလင်း ထုတ်ပြန် အသိပေးခဲ့ကြောင်း KNU က ဆိုသည်။

ယခုတွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီက KNU အတွင်း ရှုပ်ထွေးမှု ဖြစ်အောင် ပြုလုပ်သည့် လုပ်ရပ် ဖြစ်သကဲ့သို့ အာဏာရှင် စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် တိုက်ပွဲဝင် နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှု လွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်၏ အစီအစဉ်သာဖြစ်ကြောင်း KNU ကြေညာချက်တွင် ဖော်ပြထားသည်။

KNU သည် မိမိနိုင်ငံရေး ရည်မှန်းချက်အောင်မြင်ရေးအတွက် ဘ၀တူ တော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ်ရပ်တည်လျက် တစ်ိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNU က ဆိုသည်။

KNU ၏ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကမူ KNUအနေဖြင့် စစ်ခေါင်းဆောင်နှင့် ဥက္ကဋ္ဌ ဟောင်း တွေ့ဆုံမှုအပေါ် စိုးရိမ်ခြင်းမရှိကြရန်၊ တရားဝင် KNU အဖွဲ့နှင့် လုံး၀ ပတ်သက်မှု မရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article