ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃
ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း ၂၉ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ် တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ကရင်နီပြည်တစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အခြားစစ်ကား ၁ စီးကိုလည်း မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၅ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ကရင်နီပြည်အတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ မှ စက်တင်ဘာလ အထိ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့် ဘောလခဲမြို့နယ် တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဥ်တန်းများ သည် ဒီးမော့ဆိုမြို့နယ် မှ ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း ၊စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၄င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်အတွက် လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲ ကျေးရွာများအထိ အနည်းဆုံး စစ်ကြောင်း ၆ ဖြင့် စစ်ကြောင်း ထိုးခဲ့ကြောင်း၊ အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် စက်တင်ဘာလ ဒုတိယ အပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့် နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာ တို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်း အချို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ထောက်ပို့ယာဥ်တန်း ကားအစီးရေ ၆၀ စီးခန့် သည် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ် သန်း နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အလားတူ လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက် လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆) စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေး စခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီမှ ၂ နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာလ ပထမအပတ် အတွင်း ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်(၃)ရက်ဆက် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့် အနီး တဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူတပ်စွဲလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ် သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်း နိုင်ရေးအတွက် ဖရူဆို နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ လွိုင်ကော် မြို့ နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သော နေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ(၁)ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး၊ ကျန်းမာရေးအဆောက်အဦ ၁ လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ရကြောင်း၊ ထို့အတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လာ သော လက်နက်ကြီးထိမှန်မှုကြောင့်လည်း နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်များကို ခုခံ တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၈ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

