ရေးမြို့နယ်တွင် ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးထံမှ စစ်သားများက ငွေကျပ် ၁၀ သိန်း ဓားပြတိုက် ယူဆောင်သွား
ရန်ကုန်၊ အောက်တိုဘာ ၅
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးထံမှ စစ်သားများက ငွေကျပ် ၁၀ သိန်း ဓားပြတိုက် ယူဆောင်သွားကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့နယ်၊ ရေး-ကျောင်းရွာ လမ်းပိုင်းရှိ ကွင်းရှည်ရွာနှင့် ကျောက်မိချောင်းရွာ အကြား တစ်နေရာတွင် KBZ ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီး တစ်ဦးထံမှ အကြမ်းဖက် စစ်သားများက ငွေကျပ် ၁၀ သိန်းကို ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။
“အဲဒီလမ်းပိုင်းမှာက စစ်ခွေးတွေပဲ ရှိတာပါ။ ဓားပြတိုက်မှု ဖြစ်စဥ်ကို အပြင်မှာ ပေါက်ကြားရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ကြိမ်းဝါးပြောဆိုတယ်လို့လည်း သိရတယ်။ ရေး-ကျောင်းရွာ လမ်းပိုင်းက လက်ရှိ စစ်ကောင်စီ တပ်သားတွေ ရွာစာသင်ကျောင်းများနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေ့ဘက်မထွက် ညဘက်မှာ လှုပ်ရှားသွားလာကြပြီး ရာဘာခြံ တွေမှာ ကင်းပုန်းချ တပ်ဖျောက်ထားသည့် အနေအထားရှိနေသေးတယ်” ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးဝေး၊ ခရီးနီး သွားလာသည့် အခါ လက်ဝတ်ရတနာ များကို မဝတ်ဆင်သွားကြရန် တစ်ဦးတည်းမသွားလာကြရန် ရေးပြောက်ကျားတပ်ဖွဲ့က ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။
