မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး လှထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီခန့်တွင် ရွာသစ်ရွာရှိ ၎င်းနေထိုင်သည့် နေအိမ်ရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ရာ ကျည် ၃ ချက် ထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။
“အိမ်ရှေ့မှာ သေနတ် ဒဏ်ရာနဲ့ မှောက်ကျနေပြီး မကြာဘူး သူ့သားက အိမ်ထဲက ထွက်လာပြီး ကားပေါ်တင်မိုးကောင်းပြည် သူ့ဆေးရုံးကို ပို့ဆောင်စဉ် လမ်းမှာပဲ သေသွားတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ရေရှင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှထွန်း ပစ်ခတ်ခံရသော နေရာသည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် အလွန်နီးကပ်ပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။