တနင်္သာရီမြို့နယ်တွင် စစ်တပ်က ဆန်သယ်ခွင့် ကန့်သတ်မှု ပိုမို တင်းကျပ်ထားသောကြောင့် ဆန်ဈေးမြင့်တက်ပြီး ဆန်ပြတ်လပ်နေ
ရန်ကုန်၊ အောက်တိုဘာ ၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆန်သယ်ခွင့် ကန့်သတ်မှု ပိုမို တင်းကျပ်ထားသောကြောင့် ဆန်ဈေးမြင့်တက်ပြီး ဆန်ပြတ်လပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ ဗောဓိကမ်းတံတား၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၁ ရှေ့ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်က ဆန်သယ်ယူလာသည့် ကားများကို ဖမ်းဆီးခြင်း ငွေတောင်းခြင်း၊ ပုံမှန်ထက်ပိုပြီး စစ်ဆေးမေးမြန်းမှုများ စက်တင်ဘာ လကုန်ပိုင်းက စတင်ကာ လုပ်ဆောင်လာကြောင်း သိရှိရသည်။
ဆန်သယ်လာသည့် ကား ၁ စီးကို ဘန်လောရှိ PDF တပ်ဖွဲ့များဆီ ပေးပို့မည်ဟု စွပ်စွဲပြောဆိုကာ စစ်သားများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်းကြောင့် ကားသမားများ ဆန်မသယ်ရဲကြတော့ကြောင်း ယာဉ်မောင်းများနှင့် နီးစပ်သည့် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဆန်တင်လာသည့် ကားများကို ပိုက်ဆံကောက်ခြင်း၊ အမျိုးမျိုး စစ်ဆေးခြင်းများကြောင့် တချို့ကားသမားများသည် ဆန်လုံးဝမတင်တော့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စွပ်စွဲမေးမြန်းသည့် “ဘန်လော” သည် တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုဘက်ကိုဖြတ်သန်းသွားလာလျှင် မဖြစ်မနေ ဖြတ်သွားရသော ဘန်လော လမ်းဆုံကို ပြောဆိုခြင်းဖြစ်ပြီး ယင်းလမ်းဆုံသည် စစ်ကောင်စီ တပ်သားများ မကြာခဏ တိုက်ခိုက်ခံရသည့် နေရာဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့ပေါ်တွင် လက်ရှိဆန်ဈေးသည် အိုကေနီတံဆိပ် ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်ကိုကျပ် ၇၀၀၀၀ ဝန်းကျင်ပေးရပြီး အဆိုပါ ဆန် တစ်အိတ်ကို ညောင်ပင်းကွင်းကျေးရွာအုပ်စုတွင် ကျပ် ၈၀၀၀၀ ဝန်းကျင်ပေးဝယ်နေရကြောင်း၊ အဆိုပါ စျေးနှုန်းသည် ယနေ့ ပေါက်စျေးဖြစ်ပြီး အချိန်မရွေးပြောင်းလဲနိုင်ကြောင်း သိရှိရသည်။
“စျေကတက်ပြီပေါ့ဗျာ။ အလယ်မှာ ဗောဓိကမ်းတံတားနဲ့ ညောင်ပင်ကွင်းဂိတ် နှစ်ဂိတ်ဖြတ်လာရတာလေ။ အဲဂိတ်တွေမှာက သိန်းနဲ့ချီပေးနေရတာ” လို့ ညောင်ပင်ကွင်းကျေးရွာအုပ်စုက ရွာခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်များသည် ယခင်က ဖြတ်သန်း သွားလာသူများကို မည်သည့်နေရာမှ လာရောက်ပြီး မည်သည့်နေရာသို့ ပစ္စည်းပို့ဆောင်မည် လောက်သာ မေးမြန်းပြီး ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျပ်သာ ပေးဆောင်ရပြီး ဂိတ်ကိုဖြတ်ခွင့်ပေးကြောင်း၊ သို့သော် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ ဗောဓိကမ်းတံတားတွင် စစ်ဆေးနေသည့် အကြမ်းဖက် စစ်တပ်က ဆန်အိတ် ၂၀ တင်လာသည့် ကား ၁ စီးကို ငွေကျပ် ၅ သိန်း တောင်းခံခဲ့ပြီး ခမရ ၅၆၁ တပ်ရင်းရှေ့ရှိ စစ်ဆေးရေးဂိတ်မှလည်း ဆန်အိတ်တင်လာတဲ့ ကား ၁ စီးလုံးကိုပေးမဖြတ်ဘဲ ဖမ်းဆီးလိုက်သော ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ကားများသည် ပိုက်ဆံပေး၍ ပြန်လည်လွတ်မြောက်ခဲ့ပြီး အသေးစိတ် အချက်အလက်ကို မသိရှိရသေးကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်အတွင်းကလည်း တနင်္သာရီမြို့နယ်အတွင်းရှိ တကူကျေးရွာအုပ်စုဘက်ကိုသွားသည့် ဇဝဲရွာစစ်ဆေးရေးဂိတ်ကို အကြမ်းဖက် စစ်တပ်က ၃ ကြိမ်လောက် ပိတ်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့ကစတင်ကာ လက်ရှိချိန်အထိ ရက် ၂၀ ကျော် ပိတ်ထားခဲ့ပြီး ဖြတ်သန်းခွင့် မပေးတော့ကြောင်း သိရှိရသည်။
ထို့ကြောင့် တကူ၊ သာရဘွင်၊ သိန္ဓော၊ ကော့မပြင်းကျေးရွာအုပ်စုများတွင် ဆန်ပြတ်လပ်ခြင်း၊ ဆန်အပါအဝင် ကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
“ဟိုးတနေ့က ကျနော်ဆန်လိုက်ဝယ်တာ ဆန်တစ်ပြည်ပဲရလာတယ်။ ပြီးမှ ကျနော့်မိတ်ဆွေနားကနေ ဆန်၁၀ ပြည်အိတ်တစ်အိတ်ထပ်ရတယ်။ တချို့အိမ်တွေဆို ခေါက်ဆွဲပြုတ်စားနေတယ်။” လို့ ညောင်ပင်ကွင်းရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။
ဒေသခံပြည်သူများသည် မုန့်တီခြောက်များကို ဆန်အစားထိုး စားသုံးနေကြရကြောင်း၊ အကြမ်းဖက် စစ်တပ်သည် စစ်အာဏာသိမ်းပြီး ၁ နှစ်မပြည့်ခင် သရက်ချောင်းမြို့နယ်မှ တောင်ပျောက်တိုက်နယ်အတွင်း ဆန်သယ်ယူခွင့် ပထမဆုံးကန့်သတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက စတင်ကာ ထားဝယ်မြို့နယ်နှင့် ပုလောမြို့နယ်ကို တင်းတင်းကြပ်ကြပ် စတင်ကန့်သတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုအနက် ၆ ခုကို ပြီးခဲ့တဲ့ လက စတင်ပြီး အင်အားအလုံးအရင်းဖြင့် တပြိုင်နက်တည်းစစ်ကြောင်းထိုးနေပြီး တဖက်တွင်လည်း ဆန်သယ်ယူခွင့်နှင့်ဆက်သွယ်ရေး လိုင်းဖြတ်တောက်ထားကြောင်း သိရှိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ် ဖြစ်သည်။)
