မူးမြို့နယ်ရှိ ဗမာငတိုးခင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၆
ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ဗမာငတိုးခင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက လက်နက်ကြီး ၃ လုံးဖြင့် ဗမာငတိုးခင် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အသက် ၅၄ နှစ်အရွယ် မဝင်းမြင့် လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် မမြင့်စန်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေမှုများကြောင့် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများသည် နေစဉ်နှင့်အမျှ ထိခိုက်သေဆုံးမှုများ၊ အိုးအိမ် စည်းစိမ် ထိခိုက် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပြီး ကြောက်ရွံ့ ထိတ်လန့်စွာ အသက်ရှင်နေထိုင်နေကြရကြောင်း သိရှိရသည်။

