ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက် ပြီး ခရိုနီ ခွန်နောင်မြင့်ဝေ ပိုင် ရှမ်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှု JFM ကန့်ကွက်
ရန်ကုန်၊ အောက်တိုဘာ ၇
ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက်ပြီး စစ်တပ်နှင့် စီးပွားရေး ဆက်နွယ်နေသော ခရိုနီ ခွန်နောင်မြင့် ဝေပိုင် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှုအပေါ် Justice for Myanmar (JFM) က ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ ပွဲစဉ်တစ်ခု လာရောက်ကစားရန် ဩစတြေးလျဘောလုံးကလပ် Macarthur Bulls အသင်း တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သည် ဩစတြေး လျ အစိုးရ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ခရီးသွား အကြံပြု ချက် ကို ဆန့်ကျင်နေသည့်အပြင် ဩစတြေးလျနိုင်ငံက ဒဏ်ခတ် ပိတ်ဆို့ ထားသည့် မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် စီးပွားရေးဆက်နွှယ်မှုရှိနေသည့် ခရိုနီကုမ္ပဏီ ဝမင်းကော်ပိုရေးရှင်းပိုင် ရှမ်းယူနိုက်တက်အသင်းကို ပံ့ပိုး ပေးခြင်း ဖြစ်ကြောင်း JFM က ထောက်ပြသည်။
Distributed Denial of Secrets (DDoS) က ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၉ ခုနှစ်အထိ နောက်ဆုံးဖြည့်စွက်ထားသော အချက်အလက်များအရ ဝမင်း ကော်ပိုရေးရှင်းသည် ကာကွယ်ရေးဝန်ကြီး ဌာနက ငှားရမ်းထားသည့် မြေနေရာပေါ်တွင် မနော်ဟရီ စီးပွားရေး စုပေါင်း ရုံးနေရာ တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်ကို ရရှိထား ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက မြန်မာစစ်တပ်၏ ကာကွယ်ရေး ဝန်ကြီး ဌာနကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ထားပြီး၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန မှတ်ချက် တွင် “လက်နက်ကိုင်တပ်ဖွဲ့ များကို အမိန့်ပေး၊ကွပ်ကဲကာ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးဖြင့် ဖိနှိပ် ချုပ်ချယ်မှုကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက်၍ ပြန်လည်အသက်ဝင်လာစေခြင်းအတွက်” ဖြစ်သည်ဟု ရေးသားထားသည်။
စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မြေနေရာပေါ်ရှိ Yangon River view Complex စီမံကိန်းတွင် ဝမင်းကော်ပိုရေးရှင်းခေါင်း ဆောင် ခွန်နောင်မြင့်ဝေက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါရှိကြောင်း ၂၀၁၈ ခုနှစ်တွင် နောက်ဆုံးဖြည့်စွက်ထားသည့် အချက်အလက်များအရ သိရှိရသည်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ် နဲ့ စီးပွားရေး ဆက်နွှယ်မှုတွေရှိတဲ့အတွက် ဝမင်းကုမ္ပဏီအုပ်စုကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်သင့်ပြီး၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်းအပါအဝင် သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ဩစတြေးလျ ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆိုသင့်ပါ တယ်။ အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်တဲ့ ဩစတြေးလျ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ စစ်တပ်က အာဏာသိမ်းကြိုးပမ်းမှု ဆက်ရှိနေသ၍ မြန်မာ အသင်းတွေနဲ့ ဘောလုံးကစားမှုကို တားမြစ်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီ ရပ်တည်သင့်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- မင်းအောင်လှိုင်နှင့် အတူ တွေ့ရသည့် ခရိုနီ ခွန်နောင်မြင့်ဝေ။
