34 C
Yangon

စစ်တွေတွင် ဘုမေကြက်ဈေးတန်း ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအား ပေးနေ

Must read

စစ်တွေတွင် ဘုမေကြက်ဈေးတန်း ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအား ပေးနေ

ရန်ကုန်| အောက်တိုဘာ ၇

ရခိုင်ပြည် စစ်တွေမြို့ မွတ်ဆလင်များနေထိုင်သော ဘုမေရပ်ကွက်ရှိ ကြက် ဈေးတန်းကို လမ်းမြေပေါ်၌ကျူးကျော်နေသည်ဟုဆိုကာ ဖယ်ရှားပေးရန် ပြည်နယ်စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။

ဘုမေ-အုန်းတောရွာလမ်း၊ စစ်တွေတက္ကသိုလ်သွားလမ်းကို မြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းနယ်မြေတိုးရန်စဉ်နေခြင်းကြောင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မွတ်ဆလင်များရောင်းချနေသော ကြက်ဈေးတန်းကို ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

ကြက်ရောင်းနေသော မွတ်ဆလင်တစ်ဦးက “စည်ပင်ရော၊ ကျေးလက်အဖွဲ့ရော ကျနော်တို့ ကြက်ဈေးတန်းကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် သတိပေးနေတာ ပြီးခဲ့တဲ့ လကနေပါ။ ဒီရက်ပိုင်းအတွင်းမှာလည်း သတိပေးစာတွေ ရောက်နေ ပါတယ်။ ဒီလအတွင်းမှာ ဖယ်ပေးရမယ်ထင်တယ်။ လမ်းနယ်မြေတိုးချဲ့ မယ် ဆိုပြီး ဖယ်ပေးရမယ်လို့ ပြောပါတယ်။ ဖယ်လိုက်ရင် ကျနော်တို့အတွက် လုပ် ကိုင်စားသောက်ဖို့ နေရာပျောက်သွားပြီပေါ့ဗျာ” ဟု ပြောသည်။

ဘုမေ-အုန်းတောရွာသွားလမ်းကို ရေမြောင်းအပါအဝင် လမ်းအကျယ် ၂၂ ပေ ရရှိရန် မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်နေခြင်းဖြစ်ပြီး တင်ဒါအောင်ခဲ့သော ကောင်းသန့်ဟိန်း ကုမ္ပဏီက လမ်းပြုလုပ်သွားမည်ဟု သိရသည်။

မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းနယ်မြေရှိ အဆောက်အဦးများကို ဖယ်ရှားခွင့်ရရှိရန် ပြည်နယ်စစ်ကောင်စီနှင့် စစ်တွေမြို့နယ်စီမံခန့်အုပ်ချုပ်ရေး အဖွဲ့တို့ကို စက်တင်ဘာလ ၁၀ ရက်နေ့က ခွင့်ပြုချက်တောင်းခံခဲ့သည်။

ဘုမေရပ်ကွက်တွင် ကြက်ဈေးတန်းအပါအဝင် အခိုင်အမာဆောက် လုပ်ထား သော လူနေအိမ်များပါ ဖယ်ရှားခံရမည်ဟု နေအိမ်ဖယ်ပေးရမည့် မွတ်ဆလင် တစ်ဦးက ပြောသည်။

“ကြက်ဈေးတန်းတစ်ခုတည်းမဟုတ်ဘူး။ နေအိမ်တွေပါ ဖယ်ပေးရမယ့် စာရင်း မှာ ပါတယ်။ ကြက်ဈေးတန်းမှာဆိုရင် တခြား ကုန်စုံဆိုင်ခန်းတွေပါ တွက် ကြည့် ရင် ဆိုင်ခန်းပေါင်း ၅၀ လောက်ရှိတယ်။ အဲဒီအထဲမှာ လူနေအိမ် ၁၀ လောက်ပါတယ်။ ဖယ်ပေးရရင် ကျနော်တို့မှာ သွားပါပြီ။ ကျနော်တို့ မိသားစု ဘယ်မှာ သွားနေကြမလဲ။ ဘဝတွေတော့ ပျက်ပါပြီ” ဟု ပြောသည်။

ဘုမေကြက်ဈေးတန်းမှာ စစ်တွေမြို့၏ ကြက်လိုအပ်ချက်ကို ဖြည့် ဆည်း ပေးနေခြင်းဖြစ်ပြီး ဖယ်ပေးခံရပါက အစားထိုးမြေရာမရှိ၍ အခက်အခဲ ဖြစ်နေသည်ဟု ကြက်၊ ဘဲတွဲရောင်းသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ဘုမေကြက်ဈေးတန်းက စစ်တွေမြို့ထဲမှာရှိတဲ့ စားသောက် ဆိုင်တွေ၊ ထမင်းဆိုင်တွေအတွက် လိုအပ်သလောက် ဖြည့်ဆည်းပေးနေတာပါ။ တခြားအိမ်မှာစားကြဖို့ဆိုရင်လည်း နေ့စဉ်နဲ့အမျှ လာဝယ်နေကြတာ။ ဒီဈေးတန်းကိုသာ ဖယ်ပေးလိုက်ရမယ်ဆိုရင် ကျနော်တို့မှာ ရောင်းဖို့ တခြား နေရာလည်းမရှိဘူး။ အစားထိုးမြေနေရာပေးမယ်လို့ အစိုးရဘက်က ပြောထား တာမရှိဘူး။ အခုဈေးနေရာက သွားလာဖို့ အကုန်လုံးအတွက် အဆင်ပြေ ပြီးတော့ နေရာအချက်အခြာကောင်းပါတယ်။ မဖြစ်မနေ ဖယ်ပေးရမယ်ဆိုရင် ဘုမေရပ်ကွက်မှာ တခြားမြေနေရာလည်းမရှိဘူး။ ကျနော်တို့ တစ်ပိုင်တစ်နိုင်လုပ်ကိုင်စားသောက်နေတဲ့ လုပ်ကွက် ပျောက်သွားမှာကို အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် ဒေသခံ ပြည်သူ များအတွက် တစ်ရက်လျှင် ပျမ်းမျှ ကြက်ကောင်ရေ ထောင်နှင့်ချီ ရောင်းချပေးနေသော ဘုမေကြက်ဈေးတန်းဖြစ်ပြီး ဟင်းသီး ဟင်းရွက်ကအစ ရရှိနေသည့် ဈေးတန်းတစ်ခုလည်းဖြစ်သည်။

ဘုမေကြက်ဈေးတန်းသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မွတ်ဆလင်လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများတို့ကြား မပြေလည်မှုများကို ပြန်လည်ပြေလည်စေရန် နှစ်ဖက်လူမှုအသိုင်းအဝိုင်း ကူးလူးဆက်ဆံကြသည့် နေရာလည်းဖြစ်သည်။

ပြန်လည်သင့်မြတ်ရေးကို လိုလားသည့် စစ်တွေဒေသခံတစ်ဦးက “ဘုမေကြက်ဈေးတန်းဟာ နှစ်ဖက်လူမှုအသိုင်းအဝိုင်းကို ပဋိပက္ခတွေ၊ ပြဿနာတွေ မဖြစ်စေဖို့ တားဆီးပေးတဲ့ နေရာလေးပါ။ မွတ်ဆလင်တွေက ကြက်တွေရောင်း၊ ဒီဖက်ဒေသခံတွေက ကြက်တွေဝယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ အရမ်းကောင်းတဲ့ ဆက်ဆံရေးပါ။ ဒီလိုမျိုး ပြေပြေလည်ရှိတာဟာ နှစ်ဖက်အသိုင်းအဝိုင်း ဟိုအရင်းကလိုပြန်ဖြစ်စေဖို့ အကောင်းတဲ့ နည်လမ်းတစ်ခုပါ။ အခု ကြက်ဈေးတန်းက ဖယ်ပေးရမယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့နော်။ သက်ဆိုင်ရာတွေဘက်ကလည်း အစားထိုးမြေရာတွေ စီစဉ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ ဒီလိုကူးလူးဆက်ဆံတာက နှစ်ဖက်အသိုင်းအဝိုင်း ရေရှည်မှာ ပိုပြီး အဆင်ပြေလာပြီးတော့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းလာမှာပါ” ဟု ပြောသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများကြောင့် မွတ်ဆလင် လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားတို့ကြားတွင် ဆက်ဆံရေးမပြေလည်ခဲ့ သည်မှာ ၅ နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ နှစ်ဖက်လူမှုအသိုင်းအဝိုင်း ပြန်လည် သင့်မြတ်ရေးကို ကူညီဆောင်ရွက်ခဲ့ကြရာတွင် ဘုမေကြက်ဈေးတန်း သည်လည်း အဓိကနေရာအခန်းကဏ္ဍတစ်ခု၌ ပါဝင်ခဲ့သည်။

စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်စစ်ကောင်စီ၏ လမ်းညွှန်ချက်များဖြင့် စစ်တွေမြို့နယ်အတွင်း ကျူးကျော်ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို ဖယ်ရှားမည်ဟု စက်တင်ဘာလအတွင်းက ပြောဆိုပြီးနောက် ယင်းလမှာပင် ဦးဥတ္တမပန်းခြံရှေ့ရှိ သစ်သီးဆိုင်တန်းနှင့် ကမ်းနားလမ်းမှ လမ်းဘေးဈေးသည်များကို ဖယ်ရှားခဲ့သည်။

ယခု အောက်တိုဘာလတွင် စစ်တွေကမ်းခြေ၊ စစ်တွေဟိုတယ်အနီးရှိ စားသောက်ဆိုင် ၁၆ ဆိုင်ကိုလည်း စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်အင်အား အများ အပြားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အတင်းဖြိုဖျက်ခဲ့ပြီး နောက်ထပ် တစ်ခါ ဘုမေရပ်ကွက်ရှိ မွတ်ဆလင်များ ကြက်ဈေးတန်းကို ဖယ်ရှားပေးရန် စစ်ကောင်စီက ဖိအားပေးနေခြင်းဖြစ်သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article