ညောင်တုန်းမြို့နယ်တွင် ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး လူငယ်များကို ပျူစောထီးအဖွဲ့ဝင်များအဖြစ် ကြံ့ဖွတ်နှင့်စစ်တပ်က စုဆောင်း
ရန်ကုန်၊ အောက်တိုဘာ ၉
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် (သို့မဟုတ်) ပျူစောထီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်သည့် လူငယ်များအနေဖြင့် ဂျပန်သို့ ပြည်ပ အလုပ်အကိုင်ဖြင့် သွားရောက်နိုင်သည့် အခွင့်အလမ်းရရှိ မည်ဟုဆိုကာ ကြံ့ဖွတ်ပါတီနှင့် စစ်တပ်က စည်းရုံးသိမ်းသွင်း စုဆောင်းနေ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြ သည်။
စက်တင်ဘာလမှစတင်၍ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေး ရွာ များမှ လူငယ်များကို ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး ပြည်သူ့စစ် (ခေါ်) ပျူစောထီး အဖွဲ့များအတွင်းသို့ ဝင်ရောက်ခိုင်းကြောင်း၊ ပြည်သူ့စစ် အတွင်းသို့ ဝင်ရောက်ပြီးလျှင် သင်တန်း ၁၀ လ တက်ကာ ဂျပန်သွားရောက်နိုင်ကြောင်း၊ ထိုသို့ စည်းရုံးမှုများကို ကြံ့ဖွတ်ပါတီနှင့် စစ်တပ် တို့က လုပ်ဆောင်နေ ခြင်း ဖြစ်ကြောင်း သိရှိရသည်။
” ညောင်တုန်း မြို့နယ်ရဲ့ အချို့ ရွာတွေမှာ လူငယ်တွေကို ဂျပန်ပို့ပေးမယ် ဆိုပြီး စည်းရုံးနေတယ်။ ပြည်သူ့စစ်ထဲဝင်၊ သင်တန်း ၁၀လတက်ရမယ် ဆိုပြီး စည်းရုံးနေတာ။ ပြည်သူ့စစ်အမည်ခံပြီး မင်းအောင်လှိုင် အသက်ဆက်ပေးမယ့် အဖွဲ့တွေပေါ့။ အချို့လူငယ်တွေရဲ့ မိဘက ကြံ့ဖွတ်တွေရှိသလို့ အချို့ မိဘ တွေက ငွေကြေးကြောင့် ဂျပန်သွားစေချင်တယ်ဆိုပြီး ပြည်သူ့စစ် ထဲဝင် ခိုင်းတယ်။ အချို့ မိဘတွေကတော့ စကစ ထောက်ခံသူတွေဆိုတော့ ကိုယ့်သားသမီးကို ထည့်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဂျပန်နိုင်ငံရှိ ပြည်ပအလုပ်အကိုင်များထံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး ကြံ့ဖွတ် ပါတီ နှင့် ဆက်နွယ်နေသော လူငယ်တချို့ကို စစ်တပ်ထဲသို့ လိမ်လည် ခေါ်ယူသွားမှုတချို့ ဖြစ်ပွားကြောင်း ကာယကံရှင် မိဘဆွေမျိုးများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧရာ၀တီတိုင်း၊ မအူပင်၊ ဖျာပုံ၊ ကျောင်းကုန်းနှင့်အိမ်မဲမြို့နယ်ဘက်ရှိ ကျေးရွာ များ မှ ကြံ့ဖွတ်ပါတီနှင့် ဆက်နွယ်နေသော လူငယ်တချို့ကို ဂျပန်သို့ ပြည်ပ အလုပ်အကိုင်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ စစ်တပ်မှ တပ်ကြပ်ကြီးတချို့က လာရောက် ခေါ်ဆောင်သွားကြောင်း၊ ရန်ကုန်တွင် ဂျပန်အလုပ်အကိုင်သွား ရောက်ရန် ဂျပန်စာသင်တန်းတက်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ရန်ကုန်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်း ဘက်ရှိ တပ်သား စုဆောင်းရေး တပ်များထံသို့ ခေါ်ဆောင်သွားကာ စစ်သင် တန်း များ တက်ရောက်ခိုင်းကြောင်း သိရှိရသည်။
” ပြည်ခိုင်ဖြိုးပါတီဝင်ရှိတဲ့ အိမ်တွေက လူငယ်တွေကို ဂျပန်သွားမှာလား။ အခု ပြည်ခိုင်ဖြိုးက ဂျပန်ပို့ပေးဖို့ လုပ်နေပြီ။ ရန်ကုန်မှာ ဂျပန်စာ သင်တန်း တက်ရ မယ်ဆိုပြီး လူငယ်တွေကို ခေါ်သွားတာ။ တချို့ရွာတွေက လူငယ် ၅ ဦးလောက် ပါသွားတယ်။ တချို့ရွာတွေက လူငယ် ၁ ဦး၊ ၂ ဦးလောက်ပဲ။ လွန်ခဲ့တဲ့ ၃ ပတ် လောက်က ဖြစ်တာ။ အဲဒါ ရန်ကုန်လည်း မရောက်ဘဲ စစ်သားစုဆောင်းရေး တပ်တွေ ရောက်ကုန်တယ်။ ပြန်ထုတ်ဖို့ ကြိုးစားနေကြတယ် ” ဟု မအူပင် မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စုမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှ ကြံ့ဖွတ်လူငယ် များကို ဂျပန်နိုင်ငံသို့ စေလွှတ်ရေး MYANMAR SANKOU သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နေပြည်တော်တွင် ယခုနှစ်ဇွန်လ အတွင်း MYANMAR SANKOU သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ လက်ရှိတွင် MYANMAR SANKOU ကုမ္မဏီက ကြံ့ဖွတ်လူငယ် သင်တန်းသား ၆၂ ဦး မှ ၁၂ ဦးသည် ဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းခွင် အင်တာဗျူး များ အောင်မြင်ထားပြီး ဂျပန်နိုင်ငံ စေလွှတ်ရေး ပြင်ဆင်လျက် ရှိကြောင်း ကြံ့ဖွတ် ပါတီ က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- စစ်တပ်က တပ်သားသစ်စုဆောင်းမှု မြင်ကွင်းဓာတ်ပုံများ။ (ပုံအဟောင်း ဖြစ်ပါသည်။)