27 C
Yangon

ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

Must read

ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

၂၀၂၂ ခုနှစ် မေလ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်လာနေပြီး အရပ်ဘက်နေရာများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၁၉၁ ဦးအထိရှိခဲ့ပြီး လူသားဒိုင်းများအဖြစ် အသုံးပြုခံရသည့် ရွာသူ ရွာသားများအရေအတွက်မှာ ၂၂၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် တရုတ်နိုင်ငံ၏ BRI – ပိုးလမ်းမစီမံကိန်းအောက်တွင် မြန်မာနိုင်ငံတွင်းရှိ အခြေခံအဆောက်အဦး စီမံကိန်းများ တည်ဆောက်ရာတွင် တံခါးပေါက်များဖြစ်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ လုံခြုံရေးအတွက် ထိုးစစ်များကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြမ်းဖက် ချိုးဖောက်မှုများလည်း ပို၍ ပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်း ၊ တော်လှန်ရေးအင်အားစုများအပေါ် စစ်ရေးအရ ရှုံးနိမ့်လာသည်နှင့် အမျှ ၎င်းတို့ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် အရပ်သားများကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာပြီး ကချင်ပြည်နယ်ရှိ နေအိမ်များကို အစုလိုက်အပြုံလိုက် မီးရှို့မှုများ လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၂ ခုနှစ် မေလ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၁၅ လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်တွင် လူပေါင်း ၄၄၁ ဦးကို မတရားဖမ်းဆီးခဲ့ပြီး KBC အကြီးအကဲဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်အပါအဝင် ကချင်ဘာသာရေးခေါင်းဆောင်အများအပြား မတရားဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီလ ၂၁ ရက်‌နေ့ ဖားကန့်တွင် အစုလိုက်အဖမ်းခံရသည့် အများသား ၂၀၀ တွင် ဖမ်းခံရသူများကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲခဲ့ပြီး လူ ၁၃ ဦးမှာ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်ခံခဲ့ရပြီး အမျိုးသာ ၄ ဦးမှာ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်သားများ၏ ပစ်သတ်ခံခဲ့ရသည့်ဟု သိရှိရကာ ပျောက်ဆုံးနေသူမှာ ၂၄ ဦးအထိ ရှိကြောင်း KWAT ၏ အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ IDP ၁၀၇,၀၀၀ ကျော်နေထိုင်သည့် ရှိရင်းစွဲ စစ်ဘေးရှောင်စခန်းများပိတ်သိမ်းရန် တွန်းအားပေးလုပ်ဆောင်နေသော်လည်း အရပ်သားများကို တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၁၄၀၀၀ နီးပါး ထပ်မံ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့ရာတွင် IDP စခန်းများတွင် စခန်းတွင်း အကူအညီပေးရေးအဖွဲ့များ၏ နည်းပါးလားသည့် ရိက္ခာပံ့ပိုးမှုများဖြင့် ဆက်လက်အသက်ရှင်ရန် ခက်ခဲလာသည့် IDP ၄၀၀၀ ကျော်သည် မြစ်ကြီးနားတောင်ဘက်ရှိ ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်ခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စ၍ အကြမ်းဖက်စစ်တပ်၏ ဗန်းမော်-မြစ်ကြီးနားကားလမ်းလုံခြုံစေရန် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် နေရပ်ပြန် IDP ၁၁၀၀ ကျော်သည် ၎င်းတို့၏ နေရပ်များမှ ထပ်မံ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်၏ မြန်မာပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများ တိုးမြှင့်နေသည့် ကြားမှပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏ BRI ပိုးလမ်းမစီမံကိန်းများကို စိုင်းပြင်းလုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများနှင့် ကလေးငယ်ဒါဇင်ပေါင်းများစွာ အပါအဝင် ပြည်သူပေါင်း ၁၆၅ ဦး‌ သေဆုံးခဲ့သည့် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာ မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်၏ အဓိကပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ကတိပြုခဲ့ခြင်းဖြစ်ကြောင်း KWAT ၏ လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် တိုက်ခိုက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုအများစုသည် အဓိက သယ်ယဓပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ၏ BRI – ပိုးလမ်းမစီမံကိန်းအောက်ရှိ လုပ်ငန်းများကို အလျင်အမြန်လုပ်ဆောင်နိုင်ရေးအတွက် လုံခြုံရေးပေးရန် စစ်တပ်မှ ကြိုးပမ်းလုပ်ဆောင်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

KWAT အနေနှင့် အကြမ်းဖက်စစ်တပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရပ်တံ့ရန်နှင့် ၎င်းတို့အပေါ် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ပေးရန် အရေးပေါ်တောင်းဆိုကြောင်း၊ အလှူရှင်နိုင်ငံများအနေနှင့် စစ်တပ်၏ IDP စခန်းများ ပိတ်သိမ်းရေးအစီအစဉ်ကို ပံ့ပိုးမှုမပြုရန်၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများကို ဦးစားပေးကာ ရှိရင်းစွဲနှင့် နောက်ထပ်တိုးပွားလာသည့် IDP အကူအညီများကို တို့မြှင့်ပေးရန်အတွက်လည်း တိုက်တွန်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article