ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေပြီး နေအိမ်များ အဝိုင်းခံရကာ စစ်ဆေးမှုများ လုပ်ဆောင်
ရန်ကုန်၊ အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေပြီး နေအိမ်များ အဝိုင်းခံရကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း လုပ်ဆောင်နေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ယင်းသို့ စစ်ဆေးရေး ပြုလုပ်ခြင်းသည် မြို့တွင်း လှည့်လည် ပြုလုပ်ခြင်း အပြင် နယ်ဘက်များတွင်လည်း ပြုလုပ်လာပြီး အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းကလည်း အင်းအား ၆၀ ခန့်ဖြင့် စစ်ဆေးရေးတင်းကျပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သူတို့သွားလာလှုပ်ရှားတာတွေကမကြာမကြာတော့ရှိပါတယ်။ မနေ့ကတော့ အင်အားနည်းနည်းများတယ်။ ပြီးတော့ စစ်တာဆေးတာတွေရှိတယ်။ စစ်ကား ၂ စီးနဲ့ အနောက်က ရဲတွေ၊ မော်တော်ပီကေတွေပါတယ်။ အင်အားခန့်မှန်းခြေ ၆၀ လောက်ရှိမယ်။ ကင်းလှည့်ကြတယ်။ နောက် အထက ၂ ကျောင်းနားမှာ ရပ်ပြီး စစ်ဆေးရေးလုပ်ကြတာတွေ့တယ် ” ဟုပြောသည်။
ကျောက်ဖြူမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုမှာ ည အချိန်တွင် လှုပ်ရှားမှုများပြီး ကင်းလှည့်ခြင်း၊ လမ်းသွားလမ်းလာတို့အား စစ်ဆေးခြင်းအပြင် နေအိမ်များကိုပါ ဝင်ရောက် စစ်ဆေးခြင်းတို့ မကြာခဏပြုလုပ်ကြောင်း သိရသည်။
“များသောအားဖြင့် ညအချိန်လှုပ်ရှားကြတာတွေ့ရတယ်။ မြို့ပေါ်ရပ်ကွက်အချို့က နေအိမ်တွေ အဝိုင်းခံရတာတွေလည်းရှိတယ်။ အိမ်တွေကို ဝင်စစ်တာမျိုးပေါ့။ အဓိကကတော့ အရာရှိရပ်ကွက်ရယ် ပြီးတော့ မြို့အစွန်ကျတဲ့နေရာတွေနဲ့ ကလာဘာ ရပ်ကွက်စတာတွေပါတယ် ” ဟုပြောသည်။
အလားတူ ကျောက်ဖြူမြို့၏ မြို့အဝင်ထွက်နေရာတစ်ခုဖြစ်သည့် စစ်ကောင်စီတပ် ဂိတ်ချထားရာ ကျောက်တစ်လုံး ဂိတ်တွင်လည်း ဆိုင်ကယ်ဆင်းတွန်းရခြင်းနှင့် အစစ်ဆေးတို့ ဆက်ရှိနေဆဲဖြစ်ပြီး စစ်ဆေးမှုများမှာလည်း ယခင်ကထက် တင်းကျပ်လာကြောင်း သိရသည်။
ထို့ပြင် မြောက်ဦးတွင်လည်း ယခုလပိုင်းအတွင်း စစ်ကောင်စီဘက်က မြို့အဝင်ဝတွင် မြို့တွင်းသို့ဝင်လာသည့် ယဥ်ကြီး၊ ယဥ်ငယ်တို့အား ရပ်တန့်ခိုင်းကာ မေးမြန်းစစ်ဆေးမှုတို့ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးတို့လုပ်ဆောင်ရာတွင် သာမာန်ပြည်သူများကို မထိခိုက်အောင် လုပ်ဆောင်ရန်လိုအပ်ပြီး ယခုကာလမျိုးတွင် ULA ခေါင်းစဥ်တပ်ပြီး ရှာဖွေဖမ်းဆီးခြင်းတို့ကိုမလုပ်သင့်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြု ပြောဆိုသည်။
“လုံခြုံရေးယူတာတွေကပုံမှန်လိုတွေ့ရတယ်။ စစ်ဆေးရေးတွေလုပ်တာ ULA/AA က သူတို့ရဲ့ အာဏာစက်ကိုလွှမ်းမိုးလာဖို့ ကြောက်တာကြောင့်လည်းပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးပြပြီး စစ်ဆေးတာတွေ လုပ်တယ်လို့မြင်တယ်။ အဲ့လိုလုပ်တဲ့နေရာမှာတော့ ပြည်သူလူထုကိုမထိခိုက်ဖို့တော့လိုမယ်။ သာမန် ပြည်သူတွေ မလိုအပ်ပဲ အစစ်ဆေးခံ၊ အဖမ်းဆီးခံရတယ်ဆိုရင် ပြည်သူတွေထိခိုက်မယ်။ ပြီးတော့ နေအိမ်တွေကိုရှာဖွေတာ၊ ULA နဲ့ပတ်သက်ပြီးဖမ်းဆီးတာတွေလည်း ခုလိုချိန်မှာ မလုပ်သင့်ဘူး။ ဒီလိုလုပ်တာဟာ တစ်ဖက်နဲ့တစ်ဖက် တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေကိုပျက်သွားနိုင်တယ်” ဟုပြောသည်။
ကျောက်ဖြူမြို့နယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စဉ်က စစ်ကောင်စီထံ ဖမ်းဆီးခံရသူ အရေအတွက်အများဆုံးမြို့နယ်ထဲတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူများ ထဲတွင် တက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းတို့လည်း ပါဝင်ကာ ထိုအထဲမှ လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၂၀ ကျော်ခန့်ကျန်နေသေးကြောင်း သိရသည်။
လက်ရှိ အပစ်ရပ်ကာလတွင်လည်း ကျောက်ဖြူမှ တက်ကြွလှုပ်ရှားသူအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့မှာ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကို ဆက်လက်ခံနေရပြီး မြို့ပေါ်မှ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်ထားကြ သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ မြို့နယ်အနှံ့နှင့် ဂိတ်အလိုက်လုံခြုံရေး တင်းကျပ်ထားမှုတို့ကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)