25 C
Yangon

မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း တိုက်ခိုက်ခံရမှုမျိုး စစ်တပ်က ထပ်မံ မကျူးလွန်ရေး နိုင်ငံတကာအနေဖြင့် ပြင်းထန် ထိရောက်စွာ ဟန့်တားအရေးယူပေးရန် NUG အစိုးရ တောင်းဆို

Must read

မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း တိုက်ခိုက်ခံရမှုမျိုး စစ်တပ်က ထပ်မံ မကျူးလွန်ရေး နိုင်ငံတကာအနေဖြင့် ပြင်းထန် ထိရောက်စွာ ဟန့်တားအရေးယူပေးရန် NUG အစိုးရ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း တိုက်ခိုက်ခံရမှုမျိုး အကြမ်းဖက် စစ်တပ်က ထပ်မံ မကျူးလွန်ရေး နိုင်ငံတကာအနေဖြင့် ပြင်းထန် ထိရောက်စွာ ဟန့်တားအရေးယူပေးရန် တောင်းဆိုကြောင်း NUG အစိုးရက ကြေညာချက် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် (Munglai Hkyet) စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့်တပြိုင်နက် အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်ပြီး NUG အစိုးရက ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ ကျူးလွန်မှုများနှင့် အလားတူ ထပ်မံကျူးလွန်မှုများ မရှိစေရန် နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးပါရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုတိုက်တွန်းလိုက်ပါသည်” ဟု အဆိုပါ ကြေညာချက်တွင်ဖော်ပြထားသည်။

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၅၇ ဦးထက်မနည်းရှိကြောင်း၊ မြေပြင်တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူ နှင့် ထိခိုက် ဒဏ်ရာရသူ အရေအတွက်လည်း ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်စခန်း အပြင် စာသင်ကျောင်း ၁ ကျောင်း ၊ မူကြိုကျောင်း ၁ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ပြည်သူများ နေထိုင်သော စစ်ဘေးရှောင် စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ကချင်တိုင်းရင်းသားများ၏ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကြောညာချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် အစ္စရေးလ်နှင့် ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း ကြောညာချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article