25 C
Yangon

ထားဝယ်တွင် စစ်တပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးထဲမှ ၁ ဦး၏ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲ ပြန်တွေ့၊ ပုလောတွင် ၁၀ ရက်အတွင်း စစ်တပ်က ပြည်သူ ၁၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

Must read

ထားဝယ်တွင် စစ်တပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးထဲမှ ၁ ဦး၏ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲ ပြန်တွေ့၊ ပုလောတွင် ၁၀ ရက်အတွင်း စစ်တပ်က ပြည်သူ ၁၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးထဲမှ ၁ ဦး၏ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲ ပြန်တွေ့ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ထားဝယ် အကျဉ်းထောင်ဝန်ထမ်း ၂ ဦးပစ်သတ်ခံရပြီးနောက် ရေဝိုင်းရွာဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး အဆိုပါ ကျေးရွာအနီးရှိ မောင်မယ်ရှောင်ရွာကိုလည်း မြေတင်ကား ၃ စီးနှင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦးနှင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီး တစ်ပတ်ခန့်အကြာတွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးထဲမှ ၁ ဦးဖြစ်သည့် ကိုသားဂန်း၏ ရုပ်အလောင်းကို ကမျောကင်းရွာအနီးရှိ ထားဝယ်မြစ်ထဲတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖမ်းဆီးသွားသူများကို အကြမ်းဖက် စစ်တပ်က မောင်မယ်ရှောင်ရွာ၏ အနောက်ဘက်ရှိ ကူးတို့ဆိပ်ကို တန်းခေါ်သွားခြင်းကြောင့် အဆိုပါ မြစ်ဆိပ်ဘက်တွင်ပင် သတ်ပစ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ခန့်မှန်းပြောကြားပြီး နောက်ထပ် ဖမ်းဆီးခံရသူ အသက် ၃၀ ဝန်းကျင် ကိုမျိုးဆွေနှင့် အင်္ကျီအရောင်တူသည့် အလောင်းတစ်ခုကိုလည်း ထားဝယ်မြစ်အတွင်း ယခုရက်ပိုင်းအတွင်းပေါ်လာဟုသည် ဒေသပြည်သူများက ပြောဆိုနေကြပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အသက် ၁၄ နှစ်အရွယ် ဖမ်းဆီးခံရသည့် အသက်မပြည့်သေးသည့် ကလေး၏ နောက်ဆက်တွဲ သတင်းကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးဘဲ သတ်ဖြတ်ခံရမည်ကို မိသားစုဝင်များနှင့် ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ၁၀ ရက်အတွင်း ပြည်သူ ၁၃ ကို ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် အောက်တိုဘာ ၁ ရက်နေ့တွင် သဲပုံရွာရှိ ပုစွန်မွေးမြူရေးကန်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးကို လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

“လုပ်ငန်းခွင်မှာပဲ ဝင်ဖမ်းသွားတာ။ အခုထိအဆက်အသွယ်မရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အောက်တိုဘာ ၂ ရက်နေ့တွင်လည်း NLD အစိုးရလက်ထက်၌ ပလမြို့အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် ဦးဟိုလွင် ကို အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင်လည်း မီးလောင်ချောင်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်တွင် ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူ ၃ ဦးမှာ မည်သူများဖြစ်သည်ကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲ နောက်ဆက်တွဲအခြေအနေများကိုလည်း မသိရှိရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အောက်တိုဘလ ၈ ရက်နေ့တွင်မူ ပလမြို့အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်ရှိ အသက်ကြီးပိုင်းအမျိုးသားများ ဖြစ်သည့် ဦးမြတ်ကျော်၊ ဦးမောင်မောင်လွင်၊ ဦးကျော်စိုး၊ ဦးသိန်းတန် တို့ ၄ ဦးကို အကြမ်းဖက်စစ်သားများက ကင်းလှည့်ရင်း ဖမ်းဆီးကြောင်း၊ အောက်တိုဘာ ၁၀ ရက်နေ့တွင်မူ ပလမြို့ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်ရှိ အသက် ၄၈ နှစ်အရွယ် ဒေါ်နွဲ့ရည်ဝင်း၊ အထည်ရောင်းနေချသူ အသက် ၅၃ နှစ်အရွယ် ဒေါ်ဌေးငယ်၊ အိန်ဂျယ်ကားလက်မှတ်အရောင်းဌာနမှ မအိနှင့် နောက်အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးကို သူတို့ရဲ့ နေအိမ်များတွင် အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာ ၉ ရက်နေ့ကစ၍ မင်းပြင်ရွာ၊ မင်းထိန်ရွာများဘက်ကို စစ်ကြောင်းထိုးနေပြီး တစ်မြို့လုံး တပ်ဖြန့်လှုပ်ရှားနေ၍ ဒေသပြည်သူများမှာ လုံခြုံရေးအခြေအနေကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက် သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article