28 C
Yangon

ရန်ကုန်တိုင်း၊ မြို့နယ်အားလုံးမှာ ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေ အနေဆိုးလာ

Must read

ရန်ကုန်တိုင်း၊ မြို့နယ်အားလုံးမှာ ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေ အနေဆိုးလာ

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ယမန်နေ့ ညပိုင်း ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေအနေမှာလည်း အလွန်ဆိုးလာကြောင်း ရန်ကုန်မြို့ မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှ မွန်းလွဲ ၁ နာရီခွဲ အချိန်မှစတင်ပြီး System Breakdown ဓာတ်အားစနစ် ချို့ယွင်းသည်ဟုဆိုကော မီးများ ပြတ်တောက်သွားပြီး ယနေ့ နံနက် ၇ နာရီကျော်အချိန် မီးမလာသေးကြောင်း ရန်ကုန်မြို့ ပြည်သူများက ပြောဆိုကြသည်။

“ဒီရက်ပိုင်းတွေမှာ မီးက အတော်ကို မမှန်တော့တာ။ အောက်တိုဘာ လဆန်း ပိုင်းမှာ။ အရင်က နည်းနည်း ပျက်ချိန် လာချိန် မှန်သေးတယ်။ အခုက ပျက် ချင်သလို ပျက်တယ်။ လာလည်း ၅ မိနစ် ၊ ၁၅ မိနစ်ပဲ ။ မနေ့ကတော့ မွန်းလွဲ ၁ နာရီခွဲလောက်ကနေစပြီး ပျက်တာ။ တစ်နေ့လုံး တစ်ညလုံး အခုထက်ထိကို မလာဘူး” ဟု ဒဂုံမြို့သစ်မြောက်ပို်း၊ ၄၆ ရပ်ကွက်တွင် နေထိုင်သူ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကမူ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၄ မိနစ်မှစတင်၍ ဓာတ်အားစနစ် ချို့ယွင်းမှု ဖြစ်ပေါ်နေကြောင်း အသိ ပေး ကြေညာခဲ့ပြီး နောက်ဆက်တွဲ ထပ်မံ သတင်းထုတ် ပြန်ခြင်း မရှိတော့ ပေ။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင်လည်း ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မီးများ ပြတ်တောက်နေပြီး မီးမလာသည့်အချိန် ၂၄ နာရီ ပြည့်တော့မည် ဖြစ် ကြောင်း ပြောဆိုသည်။

” မနေ့က မနက် ၉နာရီထဲက မီးတွေပျက်နေတာ အခုမနက်အထိပဲ။ အခုအထိ လည်း မီးပြန်မလာသေးဘူး။ အမှန်တကယ်မနေ့က မနက်၉နာရီပျက်ပြီးရင် မွန်းလွဲ ၁ နာရီမီးပြန်လာရမှာ။ အဲဒါ တစ်နာရီကျော်ကျော်လောက်မှာ နာရီဝက် လောက်ပဲလာပြီးတော့ တောက်လျောက်မီးပြတ်နေတာပါ။ သုံးစရာ ရေတွေ လည်းမရှိတော့ဘူး၊ အင်းစိန်အောင်ဇေယျအိမ်ရာ ၊မုဒိယာအိမ်ရာ ၊ မြို့သစ် က+ခ ရပ်ကွက် အဲ့ဘက်တွေမှာ အခုအထိမီးကပျက်နေတုန်းပဲ”ဟု အင်းစိန် မြို့နယ်၊‌ အောင်ဇေယျာ အိမ်ရာတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်မှ မိတ္တူဆိုင်ပိုင်ရှင်တစ်ဦးကလည်း လျှပ်စစ်မီးများ ပြတ်တောက်မှု အခြေအနေ ဆိုးနေသည့်အပြင် မီးစက်မောင်းရန်လည်း စက်သုံးဆီ ဝယ်မရ၍ လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း ပြောဆိုသည်။

” မီးမလာလို့ မီးစက်မောင်းပြီး အလုပ်လုပ်ချင်ပေမယ့်လည်း ဓာတ်ဆီက ဝယ်မရဘူး။ စက်သုံးဆီဆိုင်တွေကလည်း ပုံးနဲ့ လက်မခံဘူး။ ဒီလဆန်းပိုင်းမှာ မီးမလာရင် ဆိုင်ပိတ်လုပ်နေရတာ။ အခုက ဆိုင်က အမြဲတမ်း ပိတ်ရမလိုဖြစ်နေပြီ။ မီးက လာကို မလာတော့ဘူး။ အလုပ်လုပ်လို့ မရတော့ဘူး။ မီးစက်သုံးဖို့လည်း ဆီဝယ်မရဘူး။ ဆိုင်ခန်းခ ပေးရတာက အိတ်စိုက်ဖြစ်နေပြီ” ဟု လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးအနီးတွင် မိတ္တုဆိုင်ဖွင့်လှစ်ထားသူ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံသို့ ရန်ကုန်ခေတ်သစ် သတင်းဌာနက လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ သိရှိရန် ဖုန်းခေါ်ဆို သောအခါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ဓာတ်အားမလုံလောက် ခြင်းနှင့် ဓာတ်အားစနစ် ချို့ယွင်းမှု ကြောင့် သာဖြစ်ကြောင်း၊ ဓာတ်အားရှိလျှင် လျှပ်စစ်မီး ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မီးပြတ်တောက်မှုမှာ ဓာတ်အား စနစ် ချို့ယွင်းနေ၍ ဖြစ်ကြောင်း ပြန်လည် ဖြေဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း မီးပြတ်နေသည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article